စစ်ကိုင်းတိုင်း ကနီဒေသတွင် အကြမ်းဖက်စစ်တပ်မှ တပ်စွဲထားသော ချင်းတွင်းမြစ်အောက်ပိုင်းမှ နေရာတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်သားအများအပြား သေဆုံးမှုရှိကြောင်းသိရသည်။
ယမန်နေ့ ဒီဇင်ဘာလ၁၂ရက်နေ့တွင် ချင်းတွင်းမြစ်အတွင်း ဖြစ်ပွားသော တိုက်ပွဲတစ်ခုတွင် သင်္ဘောပျက်သဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာလ၁၃ရက်နေ့ နံနက်ပိုင်းတွင် DRPA (Dictatorship Revolution People’s Army)၊ စစ်ကိုင်းတိုင်း ရွှေတြိဂံ၊ M&K The boy နှင့် နယ်မြေခံ PDF တပ်ဖွဲ့ဝင်အချို့ပူးပေါင်း၍ သွားရောက်ပြီး တိုက်ခိုက်ခဲ့သည့်အတွက် စစ်သားအများအပြားသေဆုံးနိုင်ပြီး အထိခိုက်များကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့်အဖွဲ့က ပြောသည်။
“ ဒီကောင်တွေ ၂နာရီလောက်ဆိုအိပ်နေကြပြီ။ အဲ့အချိန်မှာသွားထုတော့ လက်နက်ကြီးက သူတို့ဆီဒဲ့တည့်တည့်ကျတယ်။ ကျတဲ့အချိန်မှာ အဖေကယ်ပါ အမေကယ်ပါဆိုပြီးအော်ကြတယ်။ စစထုချင်း ပြန်ပစ်ပေမယ့် နောက်ပိုင်းပြန်တောင်မပစ်နိုင်တော့ဘူး ” ဟု DRPAမှ ကိုလင်းက MPAသို့ပြောသည်။
ယနေ့ တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် သွားရောက်တိုက်ခိုက်သည့် အဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်တပ်စခန်းချရာနေရာကို လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည့်အတွက် သေဆုံးမှု များပြားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင် ကာကွယ်ရေးအဖွဲ့များမှ ထိခိုက်မှုမရှိခဲ့သော်လည်း အကြမ်းဖက်စစ််တပ်မှ အများအပြားသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များမှ ပြောဆိုသော်လည်း MPAအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဒီဇင်ဘာ ၁၂ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရေမြှုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ရေယာဥ်တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ယနေ့နံနက်တွင် အဆိုပါရေယာဥ်သည် ကနီမြို့အနီး မဲဒင်ကျေးရွာ ကျွန်းခုံအနီးတွင် နစ်မြှုပ်ကြောင်း KLG PDF ( Kani ) က သတင်းထုတ်ပြန်ထားသည်။