စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံဖြင့် စစ်အင်အားတိုးချဲ့လာနေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။
အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့ရာတွင် အများပြည်သူများ စီးနင်းလေ့ရှိသည့် ခရီးသည်တင်ယာဉ်များကိုပါ အသုံးပြုလာသည့်အပြင် ကတ္တရာလမ်းများမှမဟုတ်ဘဲ ပြည်သူလူထုပိုင် လယ်ကွင်းများနှင့် ယာခင်းများမှလည်း ချီတက်ဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။
“စစ်ကားတွေသုံးတာ နည်းသွားတယ်။ အရပ်သားကားတွေ ဘုန်းကြီးကားတွေ နာရေးကားတွေ သုံးတယ်။ အခုလက်ရှိလည်း သုံးနေကြတာရှိပါတယ်။ နောက်တစ်ခုက နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့ပုံကတော့ အများပြည်သူသယ်ယူပို့ဆောင်ရေးကားတွေကို သုံးလာတယ်။ expressကားတွေ သုံးပြီးတော့ သူတို့လာကြတာရှိတယ်” ဟု CDSOMမှ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
အကြမ်းဖက်စစ်တပ်လာရောက်လမ်းများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိနေပြီး ချီတက်လာသည့် စစ်သားများအနေဖြင့် အများအပြားထိခိုက်လျက်ရှိကြောင်းလည်း သိရသည်။
ယင်းကြောင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က အကြမ်းဖက်စစ်တပ်၏ စစ်အင်အားတိုးချဲ့မှုကို ကာကွယ်ရန် မြောင်မြို့နယ်အတွင်း ခရီးသည်ယာဉ်များ သွားလာခွင့်ကို နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး အကန့်အသတ်မရှိ တားမြစ်ခဲ့သည်။
ပြည်သူလူထုအနေဖြင့် အရေးပေါ်နှင့်မဖြစ်မနေ ခရီးသွားလာရန်ကိစ္စများရှိလာပါက ကားအမျိုးအစား လူဦးရေ၊ ထွက်မည့်နေရာနှင့် သွားမည့်နေရာ၊ သွားရောက်လိုသည့် အကြောင်းအရင်းများကို လုံခြုံရေးအတွက် CDSOMထံသို့ အကြောင်းခြင်းကြားခြင်း ပြုလုပ်ပြီးမှ သွားလာကြရန်လည်း မေတ္တာရပ်ခံထားသည်။
“မိုင်းတွေဆင်ထားတယ်။ ထောင်ထားတယ်။ သူတို့လာတာနဲ့ ကျနော်တို့ကခွဲတယ်။ အဲဒီလိုခွဲတဲ့အခါမှာ ကျနော်တို့က ပြေးသွားပေမယ့် ဒီကောင်တွေက သွေးရူးသွေးတမ်းနဲ့ ရှာဖွေတာတွေ လုပ်တယ်။ မိုင်းရှာတာတဲ့ ခွေးတွေလည်း သုံးကြတာ တွေ့ရတယ်။ ပြည်သူလူထုကိုထိခိုက်မှာ စိုးရိမ်ပါတယ်။” ဟု ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း အတွင်း မြို့နယ်အသီးသီးတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း ခံနေရသည့် အတွက် ဒေသခံကျေးရွာများကို ရှာဖွေခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ပြုလုပ်နေသည့်အပြင် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး စစ်အင်အားတိုးချဲ့လျက် ရှိသည်။
ယင်းသို့ အပြင်းအထန် ဖိနှိပ်နေသည့်တိုင် အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင် တော်လှန်မည့် အမျိုး သမီးများ သီးသန့်ပါဝင်သည့် မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ (Myaung Women Warriors –MWW) ကို အောက်တိုဘာ ၂၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သေးသည်။