ရေး-ထားဝယ် အမှတ်- ၈ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသဖြင့် စစ်ကောင်စီတပ် သွားလာ၍ မရတော့ကြောင်း သိရသည်။
ယခုနှစ်၊မတ်လ ၁၃ ရက်မှစတင်ပြီး ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။
“အရပ်သားခရီးသွား ပြည်သူကားတွေကို စစ်တပ်ဘက်ကသုံးပြီး ဖြတ်သန်း သွားလာတာမျိုးလည်း မရှိပါဘူး။အရင် တော်လှန်ရေးတပ်တွေ မစစ်ဆေးခင်အချိန်ကတောင် ပေါ်ပေါ်ထင်ထင်မဖြတ်ရဲတာ၊ ကျနော်တို့မဟာမိတ်ပူးပေါင်းတပ်တွေ စစ်ဆေးပြီးနောက်ပိုင်း ဒီလမ်းကို အသုံးပြုခြင်းမရှိတော့ပါဘူး။ရေလမ်းကြောင်းတခုတည်းကိုသာ စစ်ကောင်စီတပ်တွေ အသုံးပြုနေရပါတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူး စောဒါးက ပြောသည်။
ရေး-ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်သားအချို့ အရပ်သားအသွင်ယူကာ ဖြတ်သန်းသွားလာမှု အနည်းငယ်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် တလနိုင်က ပြောသည်။
“ စိုးမိုးတဲ့ ဧရိယာကတော့ မွန်နဲ့တနင်္သာရီ နယ်စပ်ပေါ့နော်။မလွှဲတောင်ကနေ ရေးတောင်ပိုင်း လို့ပြောရမှာပေါ့။ အဲကနေစပြီးတော့ ထားဝယ်၊ သရက်ချောင်းမြို့အထိကို ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်ရယ်၊မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဲ့လမ်းပိုင်းကို စိုးမိုးထားတာဖြစ်ပါတယ်။ ရန်သူစစ်ကောင်စီကတော့ ကျွန်တော်တို့ ဒီစိုးမိုးထားတဲ့လမ်းပိုင်းကို သွားလာဖြတ်သန်းတာတော့မရှိဘူး။ဒါပေမယ့် အရပ်သားပုံစံမျိုးနဲ့ ပုံဖျက်ပြီးတော့ လာတာမျိုးတော့ရှိတယ်။အုပ်စုလိုက်တော့ မဟုတ်ဘူး။တစ်ယောက်စ၊နှစ်ယောက်စပါပဲ” ဟု ၎င်းက ပြောသည်။
ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို မနက် ၆နာရီမှ ညနေ ၆နာရီအထိ ပြည်သူများအား ဖြတ်သန်းသွားလာခွင့်ပြုထားပြီး အရေးပေါ်ကားများနှင့် နာရေးကားများကိုမူ သတ်မှတ်စည်းကမ်းအတိုင်း ညဘက် ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကို ကပြောသည်။
“ အခက်အခဲကတော့ ကျွန်တော်တို့ ည၆နာရီကနေ မနက် ၆နာရီအထိ အရေးပေါ်၊နာရေးကားမှ အပ ကျန်တဲ့ကားတွေ အသုံးပြုခွင့်ပိတ်ထားပါတယ်။နာရေးကားကလည်း လမ်းဖြတ်မယ်ဆို မီးအစုံဖွင့်ပြီး မှန်ချမောင်းဖို့ တိုက်တွန်းထားပါတယ်။တချို့က တော်လှန်ရေးဘက် ညွန်ကြားချက်ကို မလိုက်နာကြဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရေး-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းအား မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း – (၁)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force (YDF)၊ ရေးပြောက်ကျားတပ် (YGF)- ဒေါနတပ်ခွဲ – (၃)၊ Ye Air Force (YAF) နှင့် Saw Dragon Drone Force (အထူးဒရုန်းတပ်ဖွဲ့ )တို့ ပူးပေါင်းထိန်းချုပ်ထားကြောင်း သိရသည်။