ကရင်နီပြည်(ကယားပြည်နယ်)၊ လွိုင်ကော်မြို့အတွင်းရှိ ကုန်းသာကျေးရွာသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ မှုကြောင်း ကလေးငယ် ၂ဦးအပါအဝင် ၆ဦးသေဆုံးကာ၊ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင် အရေးကူညီပေးနေသူများထံမှ သိရသည်။
ယနေ့(ဧပြီ ၂၀ရက်)၊ နေ့လယ် ၁၂နာရီခန့်တွင် ကုန်းသာရွာကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီ ပေါင် ၃၀၀ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ အသက် ၂ နှစ် နှင့် ၆ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“ တိုက်ပွဲမရှိဘဲနဲ့ ကြဲချသွားတာပေါ့၊ ၆ ယောက်သေတယ်။ ၁၅ ယောက်လောက်ဒဏ်ရာရသွားတယ်။ အခု တလောမြို့၊ရွာ လူနေရပ်ကွက်တွေဆက်တိုက်ကြဲနေတယ်။ ကုန်းသာမှာက ကလလတ အုပ်စုတော့ရှိပေမဲ့ အခုဖြစ်တဲ့နေရာက သူတို့စခန်းနဲ့ကဝေးတယ်” ဟု မြေပြင်အခြေအနေကိုသိရှိသူ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာကျေးရွာရှိ နေအိမ် ၂၀ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
“ တကယ်တမ်းပြောရရင် ကျတော့်အနေနဲ့က ပြောစရာစကားမရှိတော့ဘူ်။ စစ်လဲမဖြစ်ဘူး။ စစ်ဖြစ်ပွားတဲ့နေရာလဲမဟုတ်ဘူး။ ပြည်သူတွေပဲရှိတဲ့နေရာဆိုတာ သူတို့လည်းသိသိရဲ့နဲ့လေကြောင်းတိုက်ခိုက်တယ်ဆိုတာ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူးပေါ့၊ သူတို့ကအနိုင်ကျင့်နေကြမို့လို့သာ ကျတော်တို့ကထုံသွားပေမဲ့ ဒီလိုလုပ်နေတာတွေအပေါ် ပြောစရာစကားမရှိတော့ဘူး” ဟု ဒေသတွင်းစစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
ထိုနည်းတူ ပြီးခဲ့သည့်ဧပြီ၊ ၁၁ ရက်နေ့လည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လွယ်ယင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းစအချိန်မှစတင်ကာ ကရင်နီပြည်အတွင်း ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်၏သတ်ဖြတ်ခြင်းခံရသူဦးရေသည် ၄၈၁ ဦးအထိရှိနေပြီဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF၏စာရင်းများအရသိရသည်။