မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီးရှိ ကော့ဘိန်းစခန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများအတွင်း ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာနေအိမ်အချို့ထိခိုက် ပျက်စီးခဲ့ကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းထံက သိရသည်။
ကျွန်းကုန်းကျေးရွာတွင် ယမန်နေ့(ဧပြီ ၁၉ရက်)၊ နံနက်ပိုင်း၌ ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီ တပ်သား မျက်မြင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ လက်ရှိ သူတို့က နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ဟာကို ကျတော်တို့ အနေနဲ့ တိုက်ခိုက်တာဖြစ်တယ်။ သူတို့(စကစ)ဘက်က ၆ ဦးသေတာတော့ အတည်ပြုလို့ရပါတယ်။ ထပ်ပြီး ထိခိုက်၊ သေဆုံးတာတွေ ရှိပေမယ့် ကျတော်တို့ သေချာမသိရသေးဘူး “ ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်း၏ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
ယမန်နေ့ တိုက်ခိုက်မှုကို Lion Battalion Commando ဗျူဟာစစ်ကြောင်းနှင့် မွန်ပြည်နယ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်း သိရသည်။
“ မနေ့က မနက် ၆ နာရီအချိန်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ ရန်သူအင်အားက ခန့်မှန်း ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ Mi 35 နဲ့ ၃ ခါလာပစ်သွားတယ်” ဟု တိုက်ပွဲအတွင်းပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ထို့အပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးတပ်၊ ရေကြောင်းစစ်ကူသင်္ဘော၊ လေကြောင်းရဟတ်ယာဥ်ပစ်ကူများဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်များအနေဖြင့် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်လွတ်ခဲ့ရပြီးနောက် ပြီးခဲ့သည့် မတ်လ ၂၇ ရက်တွင် ကော့ဘိန်းကျေးရွာအနီးရှိ ဓမ္မသရွာကို လေကြောင်းတိုက်ခိုက်မှုအပြင် ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူပိုင်နေအိမ် အဆောက်အအုံ ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးခဲ့ရသည်။