စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီးနောက် ပြည်သူ ၂၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ရက်တွင် ရွှေဘိုမြို့၊ ဆိပ်ခွန်လမ်း၊ မင်းကုန်းဘုန်းကြီးကျောင်းမှ ထွက်လာသည့် အင်အား ၂၀၀ခန့်ပါရှိ သော စစ်သားနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ချီပါကျေးရွာသို့ ရောက်ရှိလာပြီး၊ ယနေ့(ဧပြီ ၂၀ရက်) အထိ ၃ရက်ကြာ တပ်စွဲနေခြင်းဖြစ်သည်။
“ ပြည်သူ ၂၃ ဦးကို ဖမ်းထားတယ်၊ ရွာထဲက ရိက္ခာတွေ၊ ပစ္စည်းတွေကိုလည်း ယူနေကြတာ၊ ၁၈ ရက်နေ့ကနေ အခု ၂၀ ရက်အထိ ချီပါရွာထဲမှာ ရှိတယ်။ လက်နက်ကြီးတွေ ပစ်လို့ ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟု ရွှေဘိုမြို့နယ်မှ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ရွှေဘိုမြို့အနောက်ဘက်ခြမ်းရှိ ချီပါကျေးရွာအပါအဝင် ဆိပ်ခွန်၊ ဘိုတဲကုန်း၊ တင့်တယ်၊ ကြောင်မြစ်၊ နံ့သာကျေးရွာနှင့် အနီးတဝိုက်ရှိ ပြည်သူ ၃၀၀၀ ခန့်မှာ စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသည်။
“ စစ်ကြောင်းမထွက်မချင်းကတော့ ပြန်လို့ မရဘူးပေါ့၊ ချီပါရွာက ရွှေဘိုနဲ့ နှစ်မိုင်လောက်ပဲ ကွာတယ်။ ရွာထဲ မပြန်ရတော့ နေရထိုင်ရခက်ခဲကြတယ်” ဟု ချီပါကျေးရွာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရွှေဘိုမြို့သည် ဒီပဲယင်း၊ ရေဦး၊ ဝက်လက်နှင့် ကျောက်မြောင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး၊ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံရာတွင် အင်အားကောင်းသော နယ်မြေတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၁ ရက်တွင် ရွှေဘိုအခြေစိုက်၊ အမှတ် ၈ လေ့ကျင့်ရေးတပ်(စခတ ၈) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေဘို – ဆိပ်ခွန်လမ်းပိုင်းပေါ်သို့ ဒရုန်းအသုံးပြု၍ ဗုံးကြဲခဲ့ရာ၊ ချီပါကျေးရွာမှ ၃ ဦး၊ မဲတောကျေးရွာမှ ၃ ဦး၊ ဆိပ်ခွန်ကျေးရွာမှ ၁ ဦးနှင့် ထူးကြီး – တည်ပင်ကျေးရွာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။