စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရော ကျေးလက်တွင်ပင် စစ်မှုထမ်း ဥပဒေ လုံး၀ အသက်မဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက တရားမဝင် အတည်ပြုခဲ့ပြီး အဓမ္မ စစ်သားစုဆောင်းလျက်ရှိသော်လည်း ပုလဲ မြို့နယ် တစ်မြို့နယ်လုံး၌ ယင်းဥပဒေ လုံး၀ အသက်မဝင်ကြောင်း ဒေသခံအချို့ထံကသိရသည်။
“ ပုလဲမြို့ပေါ်မှာတော့ ပုံမှန်ပါပဲ။ စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးကတည်းက စာထုတ်တာ။ နှိုးဆော်တာမျိုး လုံး၀ မရှိဘူး။ အဲစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ဘာသံမှကို မကြားရဘူး” ဟု ပုလဲ မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောသည်။
ပုလဲမြို့ပေါ်တွင် မြို့ခံ ပြည်သူစုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်သာ ကျန်ရှိတော့ကာ အများစုမှာ အခြား မြို့၊ရွာများသို့ တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း လက်ရှိ မြို့ပေါ်၌ ကျန်ရှိနေသူတို့မှာ ပြောင်းရွှေ့ရန် အခက်အခဲ ဖြစ်နေသူများနှင့် စစ်တပ်ထောက်ခံသူတို့နှင့်၎င်းတို့၏ မိသားစု၀င်များသာ ဖြစ်ကြောင်း သိရသည်။
“ မြို့ပေါ်မှာရှိတဲ့ တပ်တွေကလည်း မလှုပ်ရဲဘူး။ အပြင်က ခဏခဏ လာ၊ လာတိုက်နေတော့ သူတို့လည်း ဒီ စစ်မှုထမ်းကိစ္စ အသံထွက်တာကို မကြားရဘူး။ မြို့ပေါ်မှာ ဘာမှ မရှိပါဘူး။ ကုန်ခြောက်ရောင်းတဲ့ ဆိုင်တွေဆို အကုန်ပိတ်ထားတာ။ ဘယ်ကမှလည်း ကားတွေ မ၀င်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပုလဲမြို့နယ် ကျေးလက်များတွင်လည်း စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လှုံ့ဆော်မှုများပင် လုံး၀ မရှိကြောင်း သိရသည်။
“ သူတို့ တပ်ထိုင်ထားတဲ့ မြို့ပေါ်တောင် မလုပ်နိုင်တာ။ မြို့နယ်ထဲဆို ပိုဆိုးပြီပေါ့။ ပုလဲမှာက တစ်မြို့နယ်လုံးကို ပျူရွာက ၂ရွာ ရှိတာ။ အဲရွာတွေတော့ ခေါ်ချင် ခေါ်နေမှာပေါ့။ ဒါတော့ မသိရဘူး” ဟု ယင်းမာပင်ခရိုင် တပ်ရင်း- ၁၀မှ တပ်ရင်းမှူး ရဲဘော်ပေ က ပြောသည်။
ပုလဲမြို့နယ်အတွင်း ပုလဲမြို့စောင့်တပ်၊ ဇီးဖြူကုန်း ပျူစောထီးရွာ၊ အင်မထီး ပျူစောထီးရွာနှင့် ကန့်ဒေါင့်နယ်မြေရဲစခန်းတို့တွင်သာ စစ်တပ် အထိုင်ချထားပြီး ကျန် ပုလဲဒေသအားလုံးမှာ တော်လှန်ရေး နယ်မြေများ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ ဒီ စစ်မှုထမ်း ဥပဒေကတော့ တော်လှန်ရေး နယ်မြေမှာ ဘယ်လိုမှ အသက်မ၀င်နိုင်ပါဘူး။ သူ့(စစ်တပ်) စိုးမိုးမှု နယ်မြေတွေမှာသာ အသက်၀င်အောင် ကြိုးစားမှာပါ။ အဓိက ရန်ကုန်၊မန္တလေး လို မြို့ကြီးတွေမှာပေါ့” ဟု ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့၊ တာ၀န်ခံ ဦးဇော်ထက် က ပြောသည်။
ယခုလအတွင်း ပုလဲမြို့နယ်သို့ စစ်ကြောင်းထိုးခြင်းမရှိဘဲ ဖေဖေါ်ဝါရီလကုန်ပိုင်းကသာ ပုလဲမြို့အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ရိက္ခာလုယက်ခဲ့ကြောင်း သိရသည်။