ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုမှ ဒဏ်ရာရသည့် အကျဉ်းသားများကို ဆေးရုံမပို့ဘဲ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ ပြည်သူ့ဆေးရုံဆိုရင် သတင်းတွေ ပေါက်ကြားမှာစိုးတာရယ်၊ သေဆုံးမှုတွေကို ဖုံးဖိလို့ မရမှာစိုးတာရယ်ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းထဲကို ခေါ်သွားတာဖြစ်မယ်၊ နောက်ပြီးအဲဒီမှာလည်း စစ်ဆေးရုံရှိတယ်ဆိုတော့ အဲဒီမှာဘဲ ကုသမှုပေးဖို့ ခေါ်ဆောင်သွားတာ ဖြစ်မယ် “ ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်ပွားပြီးနောက် ယမန်နေ့က(ဧပြီ ၁၉ရက်)က ဒဏ်ရာရ အကျဉ်းသားများကို လူနာတင်ယာဉ်များဖြင့် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်ထဲရေး၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးစိုးရီ ရောက်ရှိနေပြီး မြစ်ကြီးနားအကျဉ်းထောင်နှင့် ပတ်သက်သည့် အခြေအနေများကို လာကြည့်ခြင်း ဖြစ်နိုင်ကြောင်းနှင့် ထောင်တွင်းဆူပူမှုဖြစ်ရသည့် အကြောင်းကို စုံစမ်းစစ်ဆေးရန်အတွက် အကျဉ်းသားများကို ခေါ်ယူခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
“ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူက ၅ယောက် ရှိတယ်။ အဲဒီထဲကမှ ၁ဦးကတော့ အခြေအနေ အတော်ဆိုးပါတယ်။အရေးပေါ်ဆေးဝါးကုသမှုလိုအပ်နေတာက ၁၀ဦး၊ ဒဏ်ရာတဲ့အရေအတွက်က အနည်းဆုံး၅၀ဦးလောက်ရှိပါတယ်။ ခေါ်ထုတ်သွားတဲ့ စုစုပေါင်းအရေအတွက်ဆို အကျဉ်းသား၅၀နဲ့ ၁၀၀ကြားရှိနိုင်ပါတယ်” ဟု မြစ်ကြီးနားအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုလက်ရှိ စစ်တပ်ဝန်းထဲ၌ ခေါ်ယူထားသည့် အကျဉ်းသားများကို စစ်ကြောရေးလုပ်ရန်ရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပျောက်ကင်းသည်အထိ ကုသပေးမည့်ကိစ္စမှာ သေချာမသိရသေးဘဲ သတင်းများအမှောင်ချထားသည့်အတွက် စုံစမ်းသိရှိနိုင်ရန်မှာ ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။
“ လက်နက်မဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်ထဲမှာ အပ်တိုတစ်ချောင်းတောင်မှ ကိုင်ဆောင်ခွင့်မရှိပါဘူး။ ထောင်က အမြဲတမ်း ရှာဖွေရေးဝင်နေပြီးတော့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေကို သိမ်းဆည်းတယ်။ ဒါကို သူတို့က (စစ်ကောင်စီတပ်) ခြောက်လှန့်ပစ်ခတ်ပါတယ်ဆိုပြီး အကြောင်းပြချက်ပေးပေမဲ့ တကယ့်မြေပြင်မှာက လူအုပ်ကြားထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့သာ ဒီလိုမျိုးသေဆုံးမှုတွေ ဖြစ်ခဲ့တာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ရက်က မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အကျဉ်းသားများကို သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အကျဉ်းသား ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။