ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ရှိ လူငယ် အယောက် ၃၀ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းရန် စစ်တပ်က ခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(ဧပြီ ၁၉ရက်)၊ မနက်ပိုင်းမှ စတင်ကာ ပေါင်းတည်မြို့ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများသို့ စစ်သား၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ နေအိမ်များသို့ဝင်ရောက်ပြီး လူငယ်များကို ခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း၊ ပေါင်းတည်မြို့၊ နွယ်ချို ၂ရပ်ကွက်မှ အမျိုးသားတစ်ဦးကပြောသည်။
“ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ထားတာတော့ကြာပြီ၊ မဲတွေတော့မနှိုက်ထားဘူး။ ပြေးမှာစိုးလို့ ကြိုမပြောဘဲ အိမ်တွေပေါ်ထိတက်ခေါ်တာ၊ ဒီနေ့(ဧပြီ ၁၉ရက်)၊ စစ်သားတွေ၊ ပျူတွေ၊ လ၀ကတွေကော ရောက်လာပြီး လူငယ်တွေကို လာရှာတာ၊ ရပ်ကွက်ထဲမှာ ၀ုန်းဒိုင်းကြဲနေတာ” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရသည့် လူငယ်များသည် နွယ်ချို ၂ရပ်ကွက်မှ ၁ဦး၊ ရွှေတည် ၁ရပ်ကွက်မှ ၅ဦး၊ ကြို့ပင်ရွာအုပ်စုမှ ၂ဦး၊ ပေါက်အိုင်ကြီးအုပ်စုမှ ၂ဦး၊ ပေါက်တန်းရွာ အုပ်စုမှ ၁၇ဦး၊ ကြာနီကန်ရွာမှ ၂ဦး၊ ညောင်ဇင်ရွာမှ ၂ဦး တို့ဖြစ်သည်။
“ ဟင်္သာကန်ရပ်ကွက်နဲ့ မင်းကွက် ၁ရပ်ကွက်က တစ်ယောက်စီက အလုပ်သွားနေလို့ မပါသွားဘူး။ နွယ်ချို့ ၁ရပ်ကွက်ကလည်း နှစ်ယောက်ခေါ်တာ တစ်ယောက်ကအလုပ်သွားနေလို့ မပါသွားဘူး” ဟု ပေါင်းတည်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ခေါ်ဆောင်သွားသည့် လူငယ်များကို အင်းမမြို့ရှိ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်မှ စတင်ကာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံနေရာ အနှံ့တွင် စစ်မှုထမ်းလူဦးရေစာရင်းကောက်ယူကာ အတင်းအကျပ် စစ်သားစုဆောင်းမှုများပြုလုပ်နေခြင်းဖြစ်သည်။