စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ၊ ဒီပဲယင်းမြို့နယ် နှင့် မကွေးတိုင်း ပေါက်မြို့နယ်တို့တွင် နွေရာသီကာလ အပူပြင်းထန်ပြီး သောက်ရေသုံးရေများ ရှားပါးနေသဖြင့် အဝီစိတွင်းများ ၊ စက်ရေတွင်းများ တူးဖော်နေရကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည် မတ်လနှောင်းပိုင်းမှစ၍ ယင်းကဲ့သို့ တွင်းများတူးဖော်ရန် စတင်ပြင်ဆင်နေခြင်းဖြစ်ကာ စက်ရေတွင်းတစ်တွင်းလျှင် ပေ ၈၅၀ မှ ပေ ၉၀၀ အနက်ထိတူးရကာ၊ ကာလတန်ဖိုးအားဖြင့် သိန်း ၂၀၀ခန့်ကုန်ကျမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုစိုးမိုးအောင်က MPA သို့ပြောသည်။
“ ရေရှားတာတော့ အညာဒေသတစ်ခုလုံးပါပဲ၊ ဒါပေမဲ့ အခြေအနေမကောင်းတဲ့ မြို့နယ်သုံးခုတော့ ကျတော်တို့ရွေးပြီး တူးဖော်ဖို့လုပ်နေတယ်။ မနှစ်ကတော့ မြို့နယ်ခြောက်မြို့နယ်မှာ တူးဖော်ပေးနိုင်ခဲ့တယ်။ အဲဒီတုန်းက တွင်းတစ်တွင်းကို သိန်း ၁၀၀ လောက်ပဲကုန်တာ။ ခုနှစ်ကတော့ ဈေး ၂ဆခုန်တက်သွားတဲ့အတွက် သုံးမြို့နယ်ဘဲ တူးဖော်နိုင်တော့မယ် “ ဟု ကိုစိုးမိုးအောင်ကပြောသည်။
အညာဒေသသည် အပူပိုင်းဒေသဖြစ်သည့်အပြင် စစ်ကောင်စီတပ်များ၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများကြောင့် ပြာတလင်းဖြစ်နေကြောင်း ၊ အရိပ်ရသည့် အပင်များ မရှိတော့သည့်အတွက် ပို၍ ဒုက္ခရောက်ရကြောင်း ပေါက်မြို့နယ်မှ အမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ ရာသီဥတုကပူရတဲ့အထဲ ရေကပါမရှိ၊ တိုက်ပွဲတွေကြားထဲ တိမ်းရရှောင်ရရင် တောထဲမှာ ရေရှာသောက်ရတာ အရမ်းခက်တယ်။ ပုံမှန်ချိန်ဆိုရင် ရေရှိတဲ့နေရာကို ရေသွားတိုက်ရတာ ကလေးတွေကို ရေချိုးပေးရင်တောင် ခိုင်းတဲ့နွားရေပါ ဖူလုံအောင် နွားခေါင်းပေါ်မှာ ရေတင်ချိုးပေးရတဲ့အဖြစ် ” ဟု ၎င်းကပြောသည်။
ထို့ပြင် ရေရှားသည့် ကျေးရွာများမှပြည်သူများသည် ရေရှိသည့်ကျေးရွာများကို ရေသွားတိုက်လျှင် ဆီဂါလံဗုံး ၁၂ဗုံး ၊ ရေဂါလံ ၆၀ ခန့်ကို ကျပ်ငွေ ၂၀၀၀ခန့်ပေးရကြောင်း ၊ သောက်ရေသုံးရေသာ ဖူလုံပြီး စိုက်ပျိုးရေမရှိသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရန် ဒုက္ခရောက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းအပြင် အညာဒေသခံ ရွာသားများသည် ရွာပြင်ထွက်ကာ ရေသွားတိုက်သောအခါ စစ်ကောင်စီတပ်များကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေများရှိသည့်အတွက် ယင်းမြို့နယ်သုံးမြို့နယ်တွင် စက်ရေတွင်းများတူးဖော်နေရခြင်းဖြစ်ကြောင်း ကိုစိုးမိုးအောင်က ရှင်းပြသည်။