မကွေးတိုင်း၊ ပခုက္ကူ သို့ ပြန်ဆုတ်လာသော စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကမ္မမြို့အထွက်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးပြီ ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း မြိုင် ပကဖ က သတင်း ထုတ်ပြန်သည်။
ဧပြီ ၁၉ ရက်၊မွန်းလွဲ ၂ နာရီခန့်တွင် ကမ္မမြို့မှ ထွက်လာသော ယာဉ်တန်းကို မိုင်း ပွိုင့် ၂ပွိုင့် ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ မနေ့က သူတို့ ကမ္မကနေ စထွက်ထွက်ချင်း ဆွဲလိုက်တာပါ။ အဲအရင်နေ့ (ဧပြီ ၁၉ ရက်) က မိုင်းဆွဲတာ ကားထိထားတော့ ပြင်ဆင်ပြီး ထွက်ရရချင်း သူတို့က တန်းထွက်တာပဲ” ဟု မြိုင် ပကဖ မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ Black Cobra ၊ PKU Thurein၊ DMG ဓားမင်းကြီးအဖွဲ့ ၊ပခုက္ကူခရိုင် တပ်ခွဲ-၁၀ နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ပြီး စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ယင်းယာဉ်တန်းသည် ဧပြီ ၁၉ ရက် ညနေပိုင်းအချိန်၌ ပခုက္ကူ မြို့ပေါ်သို့ ရောက်ရှိပြီးနောက် ပခုက္ကူမှနေ၍ ခြေလျင် စစ်သားအင်အား ၁၀၀ကျော် ဖြင့် ကမ္မ မြို့သို့ ပြန်လည်ထွက်ခွာ လာကြောင်း သိရသည်။
“ နေ့ခင်း ၂ နာရီ ကနေ စထွက်ပြီး ဆက်တိုက်သွားတော့ ညနေပိုင်းလောက် ပခုက္ကူကို ရောက်သွားတယ်။ နောက်၊ တန်းပြီး လူအင်အား ၁၀၀ ကျော်နဲ့ ပြန်ထွက်လာတာ” ဟု ကမ္မ တပ်ပေါင်းစုမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ယင်းစစ်သား ၁၀၀ကျော်တို့သည် ဧပြီ၁၉ရက် ညက ကမ္မမြို့၌ ညအိပ်ကာ ယနေ့(ဧပြီ၂၀ရက်) နံနက်ပိုင်းတွင် မြိုင်မြို့နယ် ၊တွင်းမ ပျုစောထီး ကျေးရွာသို့ ဦးတည်၍ ထွက်ခွာလာကြောင်း သိရသည်။
“ တွင်းမ ပျုရွာကနေလည်း ကား ၄ စီးနဲ့ ထွက်ကြို နေတယ်။ ရွာထိပ်ကနေ။ ခုထိတော့ လာတဲ့ စစ်ကြောင်းက တွင်းမ နားမရောက်သေးဘူး။ မနက်က မိုင်းပွိုင့် တစ်ခု ထပ်မိသေးတယ်” ဟု ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ရဲဘော် အကိုလေးက ယနေ့နံနက် ၈နာရီခန့်တွင် ပြောသည်။
လက်ရှိအချိန်၌ မြိုင်နယ်အတွင်း စစ်ကြောင်း ၂ကြောင်း ထိုးလျက် ရှိရာ ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။