ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ကောင်စီတပ်က စစ်ကူအင်အား အများအပြားဖြင့် ရောက်ရှိနေသော်လည်း နယ်မြေဆုံးရှုံးမှု မရှိကြောင်းသိရသည်။
ကရင်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ၏ မြဝတီမြို့သိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က မြဝတီမြို့အား ပြန်လည်ရရှိရေးအတွက် စစ်ကူအများအပြား စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ကျားဖြူစစ်ကြောင်းအနေနဲ့ကတော့ သူတို့ရဲ့(စစ်တပ်) အောင်ဇေယျစစ်ဆင်ရေးအတွင်းမှာ ထူးထူးခြားခြား နယ်မြေဆုံးရှုံးမှု မရှိပါဘူး။ပြည်သူလူထုအနေနဲ့ကတော့ ကျွန်တော်တို့ကို တတ်နိုင် သမျှ ဝိုင်းဝန်းကူညီကြဖို့နဲ့ ဒီစကစရဲ့ လက်နက်ကြီး၊လေကြောင်း ရမ်းသန်းပစ်ခတ်မှုအပေါ်မှာ သတိ ရှိရှိ နေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဧပြီဒုတိယအပတ်မှ စတင်ကာ စစ်ကောင်စီတပ်သည် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင် ရေးအတွက် ကော့ကရိတ်-အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ရွာနှင့် ယင်းရွာအနီးတဝိုက်၌ ခြေကုပ်ယူ တပ်စွဲလာကြောင်း မြေပြင်ရှိ ကျားဖြူစစ်ကြောင်း ၂ ၏ တပ်ရေးဗိုလ်ကြီးက ပြောသည်။
“ သူတို့က လောလောဆယ်မှာ အာရှလမ်းမပေါ်မှာရှိတဲ့ ကော့နွဲ့ရွာနဲ့ တံတားကူးမှာ အခြေပြုထားပြီးတော့ သူတို့ရဲ့ နဂိုခြေကုပ်နေရာတွေဖြစ်တဲ့ ခလရ-၉၇တို့၊ စကခ- ၁၂ စတဲ့နေရာတွေမှာ တပ်စွဲထားတာရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဧပြီ ၁၂ရက်နေ့မှ စတင်ပြီး မြဝတီမြို့သို့ စစ်ကူစေလွှတ်သည့် တပ်များသည် ကော့ကရိတ်မြို့တွင်း၌ ဖြတ်သန်းသွားလာနေသဖြင့် နေ့စဉ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကျားဖြူစစ်ကြောင်း ၂ ၏ တပ်ရေးဗိုလ်ကြီးက ပြောသည်။
“ နေ့စဉ်ထိတွေ့တိုက်ပွဲတွေကတော့ ကော့ကရိတ် ဒီအာရှလမ်းမကြီး။ ကော့နွဲ့ရွာနဲ့ ဒီကော့ကရိတ် တောင်ပိုင်း၊မြောက်ပိုင်းအစရှိတဲ့နေရာမှာ နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျနော်တို့ ကျားဖြူ -၂ဆို ကော့ကရိတ်မြောက်ပိုင်းမှာ နေ့စဉ်နီးပါးကို ထိတွေ့တိုက်ပွဲတွေရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီ ၁၆ရက်နေ့ကလည်း အာရှလမ်းမကြီးပေါ်ရှိ တံတားကူး အနီးတွင် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းက ဒရုန်းဖြင့် ဗုံး၄လုံး ကြဲခဲ့ရာ စစ်သား ၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူ ၃၀ထက်မနည်းရှိကြောင်း သိရသည်။