ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် သုံးပတ်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးအား သေဆုံးပြီးနောက် ရုပ်အလောင်းပုပ်ပွနေမှသာ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသတွင်းပရဟိတအဖွဲ့ထံမှ သိရသည်။
မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာရှိ ရာဘာတောအနီးတွင် ဧပြီ ၁၈ ရက်က အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးရသည့်အကြောင်းအရင်းကိုတော့မသိရှိရသေးကြောင်း သိရသည်။
“ အဲ့ဒီရွာခံတွေက ဟင်းစားရှာထွက်ရင်းနဲ့တောထဲမှာတွေ့တာ။ အရိုးကျနေပြီလေ ကျွန်တော်တို့အလောင်းသွားကောက်တဲ့အချိန်မှာ။ ဘာကြောင့်သေလဲဆိုတာတော့မသိဘူး။ ခုတော့သင်္ဂြိုဟ်ပြီးပြီ” ဟု မိုးညှင်းမြို့၊ မေတ္တာလေညှင်း လူမှုကူညီရေး အသင်းသားတစ်ဦးက ရှင်းပြသည်။
သေဆုံးခဲ့သည့်အမျိုးသမီးသည် အသက် ၅၇ နှစ်အရွယ်ဒေါ်ဆောင်မျော်ဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
“ အရင်ကလည်း အဲ့ဒီလိုပဲမြို့ထဲလျှောက်သွားနေကြ၊ စိတ်ကျန်းမာရေးကတော့မကောင်းဘူး။ ဒီတစ်ခါပျောက်တာလဲ အတော်ကြာတယ်၊ သူ့အိမ်ကရှာတာမတွေ့ဘူး” ဟု မိုးညှင်းမြို့ခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း မိုးညှင်းမြို့တွင် ဦးခေါင်းဒဏ်ရာဖြင့်သေဆုံးသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သေးသည်။