ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ယနေ့အထိ စစ်ရေးတင်းမာမှုများဆက်ရှိနေပြီး ဒေသခံပြည်သူအချို့မှာမြို့တွင်းတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
“ အခုလောလောဆယ်မြို့ထဲက လူတွေမှာ အင်တာနက်လိုင်းပြတ်တောက်တာတွေ တော်တော်များများကြုံနေရတယ်။ ပြီးတော့ မြို့ကို လေယာဉ်နဲ့ကြဲမယ်ဆိုတာတွေလဲ ကြားနေရတယ်။ ဟုတ်၊ မဟုတ်တော့ မသိဘူး။ တချို့တွေလဲ ကြောက်ပြီး ထိုင်းဘက်ကိုပြေးကုန်ကြပြီ” ဟု မြဝတီမြို့အနီးတွင်နေထိုင်သည့် ပြည်သူတစ်ဦးက ရှင်းပြသည်။
မြဝတီမြို့တွင် ယနေ့မွန်းလွဲပိုင်းအချိန်မှစ၍ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ မြို့စောင့်တပ်နေရာအနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်
တစ်ဦးထံက သိရသည်။
“ ဒီနေ့နည်းနည်း ထိတွေ့မှုရှိတယ်။ ၂၇၅ လဲ ကျန်နေသေးတော့လေ။ ခုဏကအထိ လက်နက်ကြီးတွေ ထုနေသံကြားတယ်။ ကျန်တာတော့ ဘာမှမသိရသေးဘူး” ဟု ၎င်းကဆိုသည်။
ထို့ပြင် မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများတွင်လည်း လတ်တလောဝင်ထွက်သွားလာခွင့်များကို ပိတ်ထားပြီး မြို့ပေါ်ရပ်ကွက်များတွင်မူ စိုးရိမ်မှုများကြားမှ လှုပ်ရှားသွားလာနေကြဆဲဖြစ်ကြောင်း မြို့ခံများကဆက်လက်ပြောသည်။
“ မြို့ပေါ်မှာ အသွားအလာတော့ ရှိနေကြတယ်။ ပစ္စည်းတွေ ဘာတွေလာဝယ်လို့လဲ ရတယ်။ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်မှုတော့ ရှိနေကြတာပေါ့။ ဒါပေမယ့် အခုချိန်ထိတော့ အရမ်းထွေထွေထူးထူးဖြစ်နေတာမျိုးမတွေ့မိဘူး” မြဝတီမြို့ခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်၊ နံနက်ပိုင်းမှစ၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မြဝတီမြို့၊ သင်္ကန်းညီနောင်ရှိစစ်ကောင်စီ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီ ခမရ ၃၅၅၊ သင်္ကန်းညီနောင် ရဲစခန်း၊ ခမရ ၃၅၆၊ သင်္ဃန်းညီနောင်စစ်ဗျူဟာအခြေချစခန်းနှင့် ခမရ ၃၅၇ တို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။