ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တစ်နေရာ၌ ဖွင့်လှစ်ထားသည့် Kay phoe du learning Center ကျောင်းတွင် လမ်းပျောက်နေသည့် လူငယ်များကို စွမ်းရည်မြှင့် သင်တန်းများပို့ချပေးလျက်ရှိ ကြောင်း သိရသည်။
ယင်း ကျောင်းတွင် ဒေသတွင်း အကျိုးပြုစေမည့် ဘာသာရပ် အသီးသီးကို လက်တွေ့ပို့ချ သင်ကြားပေးနေကြောင်း Kay phoe du learning Center ကျောင်း၏ admin တစ်ဦးဖြစ်သူ ဆရာဘူးရယ်က ပြောသည်။
” လူငယ်တွေ သူတို့လမ်းကြောင်းပေါ် တည့်တည့်မတ်မတ် လျှောက်နိုင်အောင်နဲ့ ပညာရေး အခွင့်အလမ်းတွေများစွာရဖို့ အခက်အခဲတွေကြားကနေ သင်ကြားပေးနေတာပါ။ ကိုယ့်လမ်းကြောင်းပေါ်ကိုယ် လျှောက်နိုင်ကြဖို့ ရည်ရွယ်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ကျောင်းတွင် ကရင်နီ စာပေ၊ အင်္ဂလိပ်စာ၊ဂီတ၊ လက်မှုပညာများ၊ရိုးရာ လက်ရက်ကန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ကွန်ပျူတာ၊အားကစားနှင့် နိုင်ငံရေး သာသာရပ်များကို အဓိကထား လက်တွေ့ သင်ကြားပေးနေကြောင်းသိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်ခြင်း မခံရရန်နှင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းမျိုး မရှိစေရန် ကျောင်းကို ဝေးလံခေါင်ဖျားသည့် တောင်များအကြား၌ ဖွင့် လှစ် ထားကြောင်း သိရသည်။
သင်တန်းပြီးသွားသည့် ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ကရင်နီအခြေစိုက်ဖက်ဒရယ် FM က အလုပ်ခေါ်နေပြီး တော်လှန်စီးပွား လုပ်ငန်းများတွင် ပါဝင်နိုင်ကြောင်း နွေဦးဂုရုလေးများ၏ဒါရိုက်တာ ကိုသားငယ်က ပြောသည်။
ကျောင်းတွင် ကျောင်း အင်္ဂါရပ်နှင့်အညီ ကျောင်းအားကစားကွင်း၊ သင်ကြားရေးခန်းမ၊ စားဖိုဆောင်၊ ကျောင်းသားများ အိပ်ဆောင်၊ ရုံးခန်းနှင့် စာကြည့်တိုက် တို့ ရှိကြောင်းကျောင်းသားများသည် စာသင်ချိန် ပြီးဆုံးသည့်အခါ မိမိတို့ရပ်ရွာ တိုးတက်ဖွံ့ဖြိုးမှုရှိစေရန် ရပ်ကျိုးရွာကျိုး သယ်ပိုးကြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
” ကျနော်တို့က အရင်ကဆို စာမသင်ကြရဘူး။ ရွာထဲမှာ လျှောက်သွားပြီး အကျိုးမရှိတာတွေ လုပ် အချိန်ကုန်နေကြတာ။ အခုဆို ကျောင်းက သင်ပေးတဲ့ သာသာရပ်တွေ နားလည်ပြီး ကရင်နီကို အများကြီးတိုးတက်စေချင်တယ်။ သင်တန်းကာလပြီးသွားရင်လည်း ရွာကိုပြန်ပြီး တစ်ထောင့်တစ်နေရာကနေ အားဖြည့်ဆောင်ရွက်သွားမှာပါ” ဟု Kay phoe du learning Center ကျောင်းသား လွီးဇီက ဆိုသည်။
သင်တန်းဖွင့်လှစ်မှုမှာ အပတ်စဥ် (၂)အထိ ပြီးဆုံးသွားပြီဖြစ်ပြီး ယခု အပတ်စဥ် (၃)အဖြစ် ဆက်လက်သင်ကြားလျက်ရှိကြောင်းသိရသည်။