ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန္တလေး – ဗန်းမော်ကားလမ်းမဘေး၊ ဟန်ထက်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂ တပ်စခန်းကို ယနေ့ (ဧပြီ ၅ ရက်)၊ မနက် ၇ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ခမရ ၆၀၂ မှာက အင်အား ၈၀ ဝန်းကျင်လောက် ရှိတယ်။ အဲ့ဒီ့စခန်းမှာ နမ့်လင်းပါနဲ့ မိုင်းခေါင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း စုနေကြတာ၊ ဧပြီ ၃ ရက်နေ့ ညနေက ဝင်တိုက်တာ၊ ဒီမနက်မှာ ရသွားတယ်။ ရှင်းလင်းရေး ဝင်နေပြီ။ တိုက်ပွဲကတော့ ပြင်းထန်တယ်၊ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က Y – 12 တွေနဲ့ ဗုံးကြဲတယ်။ မံစီနယ်ထဲမှာ တပ်စခန်းကြီးက ခမရ ၃၁၉ နဲ့ ခလရ ၆၀၁ ကျန်သေးတယ်။ တခြားတပ်မတွေက လာထိုင်တဲ့ စခန်းအသေးလေးတွေကတော့ ကျန်သေးတယ်” ဟု မံစီဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ဟန်ထက်ကျေးရွာရှိ ခမရ ၆၀၂ စစ်ကောင်စီတပ်စခန်းသည် မံစီမြို့နှင့် ၇ မိုင်ခန့်အကွာ၊ ဗန်းမော်မြို့နှင့် မိုင် ၃၀ အကွာတွင် တည်ရှိပြီး၊ ဗန်းမော်၊ မန္တလေး၊ မဘိမ်း၊ နမ့်ခမ်းနှင့် မံစီမြို့နယ်များသို့ သွားလာနိုင်သည့် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စခန်းသိမ်းတိုက်ပွဲကြောင့် ဟန်ထက်ကျေးရွာအပါအဝင် မံဝိန်းလေး၊ ဂွေ့ကြီး၊ ကုန်းတိမ်၊ မံမကောက်နှင့် နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
“ ဧပြီ ၃ ရက်လောက်က ဂွေ့ကြီးရွာက လူတစ်ယောက် လက်နက်ကြီးစမှန်လို့ ဗန်းမော်ဆေးရုံမှာ ဆေးကုနေရတယ်လို့ ကြားတယ်။ လက်နက်ကြီးရော၊ လေယာဥ်ရော လာနေတာဆိုတော့ နီးစပ်ရာပြေးကြတာပေါ့၊ မံစီမြို့ပေါ်မှာလည်း စိုးရိမ်ရတော့ တချို့က မံစီမြို့ပေါ်မသွားကြဘဲ မြစ်ကြီးနားထိ တက်ကြတဲ့လူတွေလည်း ရှိတယ်” ဟု ဟန်ထက်ကျေးရွာနှင့် နီးစပ်သူ ဗန်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ မံစီမြို့ပေါ်တွင်လည်း မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြသဖြင့် မြို့ကို စွန့်ခွာ၍ တိမ်းရှောင်ကြသူများရှိလာကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်အပါအဝင်၊ မံစီမြို့နယ်ရှိ ခမရ ၄၂၄ လက်အောက်ခံ ဂေါင်ငူယာန်စစ်ကောင်စီတပ်စခန်း၊ ခလရ ၆၀၂ လက်အောက်ခံ ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကြီး၊ ခလရ ၂၅၀ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းကြီး(ဒေသအခေါ် ဘလောင်ဒိန်ဆာစခန်း)နှင့် စီခမ်းကြီးဗျူဟာကုန်းစခန်းတို့ကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။