ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းအနောက်လမ်းဆုံတွင် ဧပြီ ၄ရက် (ယနေ့)တွင် လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု စီတာပူရပ်ကွက်နေ မျက်မြင်တွေ့ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယနေ့၊ နံနက် ၅ နာရီခွဲခန့် ဝေဝီဝေလင်းအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည့်အတွက် မည်သည့်အဖွဲ့အစည်းကလုပ်သည်နှင့် လူမည်မျှပါဝင်သည်ကို အတည်ပြုပေးရန် ခတ်ခဲသည်ဟု စီတာပူရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
“ သေနတ်သံတွေက ဆက်တိုက်ထွက်လာတော့ တိုက်ပွဲဖြစ်ပြီထင်လို့ ထွက်မကြည့်ရဲဘူး။ ပြီးမှ လူနှစ်ယောက် အပစ်ခံလိုက်ရတယ်ဆိုတာ သိရတာ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရောက်လာမှ အတိအကျသိရတာ၊ လင်မယားနှစ်ယောက်ဆိုတာကိုပေါ့” ဟု ၎င်းက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားဖြစ်သူမှာ လည်ချောင်းတွင် သေနတ်ဒဏ်ရာ ၂ချက်၊ အမျိုးသမီးဖြစ်သူမှာ ဝဲဘက်ရင်အုံတွင် သေနတ်ဒဏ်ရာတစ်ချက်၊ ဝဲဘက်နံရိုးတွင် သေနတ်ဒဏ်ရာသုံးချက် နှစ်ဦးပေါင်း သေနတ်ဒဏ်ရာ ခြောက်ချက်ရရှိခဲ့ကြောင်း ဆေးမှတ်တမ်းအရ သိရသည်။
ထိုကဲ့သို့ ဖြစ်ပွားခဲ့မှုကြောင့် အမျိုးသားဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ လုယက်ခံရတယ်လို့လည်းပြောတယ်။ သူတို့ကတော့ ခြံမြေလုပ်ငန်းလုပ်တဲ့ ပုံစံမျိုးပေါ့၊ စီတာပူရပ်ကွက်မှာဘဲနေကြတာ” ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
သေဆုံးသူ လင်မယားနှစ်ဦးမှာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး စီတာပူရပ်ကွက်၊ ငွေပျော်ကောင်နယ်မြေတွင် အိမ်ငှားရမ်းကာနေထိုင်သူများဖြစ်ကြောင်း၊ လုယက်ခံရသည်ဟု ဒေသခံများက ပြောသော်လည်း MPAအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ သေမှုသေခင်းများ မကြာခဏဖြစ်ပွားလျက်ရှိသော်လည်း တစ်ချို့မှုခင်းများကို အရေးယူနိုင်ခြင်းမရှိသေးသည့်အပေါ် ဒေသခံများက ဝေဖန်လျက်ရှိကြသည်။