ကရင်နီမှ ပွိုင့် ၅ဖြင့် ပစ်ခတ်ခဲ့သည့် ဂျက်တိုက်လေယာဉ်အား သံတောင်ကြီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း KAတပ်၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ မနက်အစောပိုင်းက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနှင့်မရောပိုလီရွာကြား တောင်ယာတဲ အနီးတွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ်အပျက်အစီးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း KAတပ်၏ စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။
“ အတည်ပြုနိုင်ပါတယ်။အပျက်အစီးတွေကိုလဲ တွေ့ပါပြီ။ လေယာဉ်မှုးတစ်ဦးကို ဖမ်းမိတာမှန်ပေမယ့် အသေးစိတ်ကို မသိရသေးလို့ပါ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၁ရက်) ညပိုင်းက ပွိုင့် ၅ကျည်ထိကာ ပျက်ကျခဲ့သည့် ဂျက်တိုက်လေယာဉ်တွင် အသက်ရှင် လွတ်မြောက်ခဲ့သည့် လေယာဉ်မောင်းသူနှင့် တွဲဖက်လေယာဉ်မှုး နှစ်ဦးအနက် လေယာဉ်မောင်းနှင်သူကို ဖမ်းဆီးရ မိထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ တပ်တွင်းသတင်းအရတော့ ပျက်ကျတဲ့လေယာဉ်က K-8အမျိုးအစားလို့ သိရတယ်။ သေချာတော့ စုံစမ်းနေတုန်းပါ၊ လေယာဉ်မှုးက ဗိုလ်မှူးခိုင်သန့်မိုးတဲ့ အခု ကရင်နီမှာ ဖမ်းခံထားရတယ်ပြောတယ်။ ကျန်တဲ့ တွဲဘက်လေယာဉ်မှုး ကတော့ သေသလားရှင်သလား မသိသေးဘူး” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီတိုက်လေယာဉ်၏ အပျက်အစီး များကို ယနေ့တွေ့ရှိကြောင်း ကနဦးသတင်းထုတ်ပြန်ချက် အနေဖြင့် ဖော်ပြထားသည်။
ယမန်နေ့၊ နိုဝင်ဘာလ ၁၁ရက်နေ့က စစ်ကောင်စီတပ်၏ တိုက်လေယာဉ် တစ်စီးအား KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ကာ မီးခိုးအများအပြားထွက်ပြီး ပြန်လှည့်ထွက်သွားခဲ့ရကာ စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ကြောင်း KNDFတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။