စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသောတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
စက်တင်ဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီနာရီခန့်တွင် မြောင်မြို့နယ်၊ ထုံးကြိုင်ရွာ၌တပ်စွဲထားသော စစ်ကြောင်းသည် သောင်ကြီးရွာ၌တပ်စွဲထားသည့် စစ်ကြောင်းနှင့်ပူးပေါင်းရန်သွားစဥ်PDFတို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နာရီခွဲ ခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMကသတင်းထုတ်ပြန်သည်။
စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့နယ်၊နဂါးပေါက်ရွာတွင် စစ်သားအင်အား၃၀၊သောင်ကြီးရွာတွင် ၇၀နှင့် ထုံးကြိုင်ရွာတွင် ၅၀ ဖြင့် တပ်စွဲထားခြင်းဖြစ်သည်။
“မနေ့က မနက်ပိုင်းမှာ ထုံးကြိုင် က စစ်သားတွေက သောင်ကြီး ကို ပူးပေါင်းဖို့အသွားမှာ ကြားဖြတ်ဝင်တိုက်တာ။ဒီဘက်ကလိုက် သူတို့ပြေးနဲ့ သူတို့သွားမဲ့နေရာထိမရောက်ဘဲ တစ်ရွာကျော်ထိ ဆုတ်သွားတယ်။လောလောဆယ် နဂါးပေါက်မှာရှိနေသေးတယ်”ဟု မြောင်မြို့နယ်(ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM) တာဝန်ခံ ရဲဘော်နွေဦး ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း သောင်ကြီးရွာမှ စစ်သားများ စစ်ကူရောက်ရှိလာကြောင်း၊ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြင်းခြံမြို့နယ်၊ကြည်ရွာမှ စစ်သားများကလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း၊မြင်းခြံမြို့နယ်၊ဆီမီးခုံမှ စစ်သားများလည်း ရေကြောင်းမှလာ၍ စစ်ကူပေးခဲ့ကြောင်း၊တိုက်ပွဲအရှိန်ကောင်းနေစဉ် လက်နက်ခဲယမ်းအားနည်းချက်ကြုံလာ၍ အနိုင်ပိုင်းကား PDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာလာခဲ့ကြောင်းသိရသည်။
“သူတို့ဘက်က စစ်ကူတွေလာကြတယ်။ကျနော်တို့က စစ်ကူလာတဲ့ လမ်းကြောင်းကိုရော လက်နက်ကြီးပစ်ကူပေးတဲ့နေရာကိုရောပါ မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တော့ စစ်ကူတွေလည်းနောက်ကြောင်းပြန်ဆုတ်ကုန်ကြတယ်။လက်နက်ကြီးပစ်ကူပေးနေတဲ့နေရာကို ၂ လုံး၊ ကြည်ရွာက စစ်သားတွေကို ၃လုံး၊နဂါးပေါက်က ပစ်ကူဆီ ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။
ယင်းတိုက်ပွဲများအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများခဲ့ပြီး မြစ်ကမ်းဘက်သို့ ဆုတ်ခွာသွားခဲ့ကြကာ ထိခိုက်သေဆုံးသူများကို မြင်းခြံမြို့နယ်၊ညောင်တိုကျေးရွာသို့ မော်တော်ဖြင့်သယ်ဆောင်သွားကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းတို့သည် ထုံးကြိုင်နှင့်နဂါးပေါက်ကျေးရွာတို့တွင် တပ်စွဲထားသေးပြီး ကျေးရွာ ၁၀ ရွာမှ ဒေသခံ တစ်သောင်းဝန်းကျင် စစ်ဘေးရှောင်နေရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၊ CDSOM အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့၊မြောင်မြို့နယ် ပလဖ(အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့)၊မြင်းခြံခရိုင်တပ်ရင်း-၂(PDF Taloke၊MGN Ranger၊မြင်းခြံ 21၊ဆင်းရိုင်းစစ်ကြောင်း-မြောင်၊စစ်ကိုင်းခရိုင်တပ်ရင်း-၁ တပ်ခွဲ(၃)၊စစ်ကိုင်းခရိုင်တပ်ရင်း၆တပ်ခွဲ(၃)၊မြောင်ပြည်သူ့တပ်မတော်(MUA)၊LACRမြင်းခြံ၊မြင်းမူမြို့နယ်တော်လှန်ရေးအဖွဲ့ -CRF၊နဂါးပေါက်တိုက်နယ်နှင့်မြောင်မြို့မတိုက်နယ်-ပကဖ၊ဒေါင်းစစ်သည်အဖွဲ့၊ONE PDFမြင်းခြံ၊နောင်ရိုးအဖွဲ့(ငါန်းဇွန်မြို့နယ် တပ်ရင်း-၆ တပ်ခွဲ(၁))၊Wolf Brotherအဖွဲ့၊8 Starမြင်းခြံအဖွဲ့နှင့် Justice Revolution Forceအဖွဲ့ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။