မန္တလးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းနှင့်စစ်သားများတပ်စွဲထားသည့်နေရာများကို PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၁၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရဲစခန်းနှင့် အေးစေတီဘုန်းတော်ကြီးကျောင်း၊ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်းနှင့်ရွှေမြင်၀င်းဘုန်းတော်ကြီးကျောင်း၀န်းအတွင်းတပ်စွဲထားသည့် စစ် သားများကို မေလ ၁၀ရက်နေ့၊နံနက် ၂နာရီခန့်တွင် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား၈ဦးနှင့် ရဲ၃ဦး သေဆုံးခဲ့ကာ စစ်သား၄ဦးနှင့်ရဲ၇ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲ ဖြစ်ပွားနေစဥ်ရဲ၄ ဦးစခန်းမှထွက်ပြေးသွားကြောင်း သိရသည်။
ဓမ္မ ရက္ခိတဘုန်းကြီးကျောင်းဝန်းအတွင်းတပ်စွဲထားသည့် စစ်သားများ၏ပစ်ခတ်မှုကြောင့်အေးစေတီရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျည် ကျရောက်ခဲ့ရာ အိမ်အမိုးပွင့်သွားပြီး အိပ်နေသည့် အသက် ၉နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိမှန်ခဲ့သည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့်အနီးဝန်းကျင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
“ လက်နက်ကြီးပစ်သံရော၊အတွဲလိုက်ပစ်သံရော ၊ပေါက်ကွဲသံတွေရော ကြားရတယ်၊မိုးခြိမ်းနေသလိုကြားရတာ။ဘယ်သူမှလည်းထွက်မကြည့်ရဲဘူးလေ၊ဘယ်နားဖြစ်တာလဲမသိရဘူး” ဟု မိုးကုတ်မြို့အနောက်ပိုင်းနေပြည်သူတစ်ဦးကပြောသည်။
မိုးကုတ်မြို့အနောက်ပိုင်း ရှိ နေရာ၄ခု မှစစ်သားများ တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခံနေရချိန်တွင်လေယာဥ်ဝဲနေသံ ကြားရကြောင်း ၎င်းကပြောသည်။
“ လေယာဥ်သံပါကြားတယ်၊လေယာဥ်ဝဲနေတဲ့အချိန်တော့နှစ်ဖက်လုံးကပစ်သံတိတ်နေတာ၊လေယာဥ်သံမကြားတော့မှဆက်ပစ်ကြတာ” ဟု ၎င်းကဆက်လက်ပြောသည်။
မေလ ၁၁ရက်နေ့တွင် မိုးကုတ်မြို့တွင်းစစ်သားများစစ်ဆေးမှုပြုလုပ်နေချိန် ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့သေးသည်။
စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး MPA အနေနှင့်သီးခြားအတည်မပြုနိုင်သေးပေ။