စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အရှေ့နှင့် အနောက်ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ၇၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့ နံနက် ၇နာရီခန့်မှစတင်ကာ ခင်ဦးမြို့နယ်၊အရှေ့ခြမ်းနှင့် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုမရှိသေးကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဒီစစ်ကြောင်းက အရှေ့နဲ့ အနောက်ကို တပြိုင်တည်းဝင်တာပေါ့။မနေ့ညက ကုတ္တက်ရွာကို မီးရှို့ပြီး ညအိပ်ခဲ့တဲ့ စစ်ကြောင်းပေါ့။ဒီစစ်ကြောင်းက ခင်ဦးအရှေ့ဘက်ခြမ်းက အင်အား ၂၀၀ကျော်ပါတယ်။ဒီကောင်တွေက ဘယ်ဝင်မလဲ မသိသေးဘူး။လက်နက်ကြီးနဲ့ ကုတ္တက်ရွာနားကရွာတွေကို ပစ်နေတယ်။သေနတ်သံတွေလည်းကြားတယ်။ထိတွေ့မှုတော့ မရှိပါဘူး။ရွာလုံးကျွတ်ထွက်ပြေးနေရတာပေါ့။တိုက်ပွဲရှောင်ခန့်မှန်းအင်အားကတော့ ၅၀၀၀လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ညကတည်းက ရေဦးမြို့မှ လာသည့် ပျူစောထီးအပါအဝင် အင်အား ၇၀ပါ စစ်ကောင်စီတပ်သည် ယနေ့ နံနက်၈နာရီခွဲခန့် တွင် အောင်သာရွာနှင့် ကုန်းသာရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကပြောသည်။
“ မနေ့ကတည်းက ရေဦးကထွက်လာတဲ့ စစ်ကြောင်းပေါ့။အခုခင်ဦး အနောက်ခြမ်းနယ်က ရွာသစ်ကုန်းပျူတွေနဲ့ပေါင်းပြီး ဒီနေ့မနက် ၇နာရီကျော်လောက် မြကန်ရွာထဲဝင်တယ်။အခုတော့ မြကန်ကနေ ရွာသစ်ကုန်းပျူတွေပါခေါ်ပြီး အောင်သာရွာထဲကို ဝင်နေပြီ။ဒေသခံရွာသား ၂ထောင်ကျော်က ထွက်ပြေးနေရတယ်။အောင်သာရွာတစ်ရွာတည်း တော့မဟုတ်ဘူးပေါ့။ခင်ဦးအနောက်ခြမ်း ရွာတွေက ဒေသခံတွေပြေးနေရတာ” ဟု ဒေသခံ သတင်းရင်းမြစ်ကပြောသည်။
ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့သည့် ကဘွက်ရွာနှင့် ကုတ္တက်ရွာ အခြေအနေနှင့်ပတ်သက်ပြီး မြေပြင်သတင်းအချက်အလက်များကို အတိအကျမရသေးပေ။