သွေးစွန်ငွေလားရာ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ချက်ချင်းပိတ်ဆို့ အရေးယူပေးရန် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းက တောင်းဆိုလိုက်သည်။
၇၂၃ ရက်မြောက်နေ့ ဆန္ဒပြပွဲအဖြစ် ယနေ့ ဆန္ဒပြရာတွင် ယင်းမာပင်-ဆားလင်းကြီးပြည်သူများက ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားသော ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအနေနှင့် စစ်ကောင်စီတပ်ကို ကျည်ဆန်ဖိုးများပေးတာ ချက်ချင်းရပ်ဖို့လည်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းက တောင်းဆိုလိုက်သည်။
“ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ စစ်တပ်ရဲ့အဓိကဝင်ငွေဟာ ရေနံနဲ့သဘောဝဓာတ်ငွေ့လုပ်ငန်းက ရတဲ့ငွေလို့ သိရတယ်။ အမေရိကန်က MOGE ကို ပိတ်ဆို့မှုစတင်နေပြီလို့ဆိုပေမဲ့ ထိရောက်တဲ့ပိတ်ဆို့မှု မဟုတ်တာ သေချာတယ်။ ဒါ့ကြောင့် MOGE ပိတ်ဆို့ရေးဟာ မြန်မာပြည်သူတွေရဲ့အသက်နဲ့ ဆိုင်နေတယ်။ အဲဒါကြောင့် အခုလိုတောင်းဆိုကြတာပါ”ဟု မုံရွာသပိတ်တိုက်ပွဲဝင်လူငယ်တစ်ဦးက ပြောသည်။
ယနေ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကလည်း လောင်းလုံးမြို့နယ်အတွင်း ကျေးရွာတစ်ရွာရှိ ဈေးသို့သွားရောက်၍ လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုပြုလုပ်ရာ၌ ပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် စည်းရုံးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအပါအဝင် ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအား ဆန့်ကျင်ကြရန် စည်းရုံးခဲ့သည်။
PTTEP သည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများဖြစ်ကြသည့် ရတနာသဘာဝဓာတ်တ်ငွေ့စီမံကိန်းတွင် ၂၅ဒဿမ၅ရာခိုင်နှုန်း ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉ဒဿမ၃၂ရာခိုင်နှုန်း နှင့် ဇောတိကစီမံကိန်းတွင်ရာခိုင်နှုန်း ၈၀ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး စစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည်။