မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပီနံအိတ်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျပ်သိန်း ၁၅၀ ကျော် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (စျ)ရပ်ကွက်၊ (၆၉×၇၀)လမ်းနှင့် (၁၃၈×၁၃၉) လမ်းကြားရှိ ပီနံအိတ်စက်ရုံတွင် ဇန်နဝါရီ ၂၇ရက်နေ့၊ နံနက် ၃ နာရီ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် ကျပ် ၁၆၇ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပီနံအိတ်စက်ရုံ၊ စွန့်ပစ်ပစ္စည်းဂိုထောင်အတွင်း ဆာလာအိတ်ခွံ အဟောင်းများ စုပုံထားရာမှ အောင်းအပူ ဖြစ်ကာမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ မီးကများတယ်၊ မနက် ၃နာရီလောက်ကနေ မနက် ၅ နာရီ လောက်မှမီးငြိမ်းတာ၊ ပတ်ဝန်းကျင်မှာ ညော်နံ့တွေတောင်ရတယ်၊ level 3 ရှိတယ်” ဟု ပြည်ကြီးတံခွန် မြို့ခံတစ်ဦးက ဆိုသည်။
မီးလောင်မှုကြောင့် အလျား(၈၀) × အနံ(၈၀)ပေရှိ Steel Structure အဆောက်အဦ(၁)လုံး၊ (တန်ဖိုးငွေကျပ်ကိုးဆယ့်ခြောက်သိန်း)၊ ဆာလာအိတ်ခွံဟောင်းများ တန်ဖိုးငွေ ကျပ် ခုနှစ်ဆယ့်တစ်သိန်း)၊ စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးငွေကျပ်(၁၆၇)သိန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။