ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဇူလိုင်လ ၂၉ ရက်၊ ယနေ့ည ၁၀ နာရီကျော်အချိန်က ကျောက်ဖြူမြို့မရဲစခန်းရှေ့တွင် ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး နယ်ထိန်းခေါင်းဆောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။
” ရဲစခန်းရှေ့မှာ ရဲအချင်းချင်းပစ်ခတ်ကြတာပါ။ နယ်ထိန်းခေါင်းဆောင်ကို ရဲတပ်ကြပ်ကပစ်ပြီး လက်နက်နဲ့ထွက်ပြေးသွားတာပါ ” ဟု ကျောက်ဖြူရဲစခန်းရှေ့မှ မြို့ခံတစ်ဦးက MPA သို့ပြောသည်။
အဆိုပါ ကျောက်ဖြူရဲစခန်းတွင် ရဲမြို့နယ်မှူးနှုတ်ဆက်ပွဲရှိပြီး ထိုပွဲအပြီးတွင် အရက်သေစာသောက်စားကာ မူးယစ်ပြီး အချင်းချင်း စကားများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ပစ်ခတ်ကာ လက်နက်နှင့်အတူ ထွက်ပြေးလွှတ်မြောက်သွားသူမှာ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ၄င်းနှင့်အတူ သေနတ်တစ်လက်ပါသွားကြောင်းလည်း သိရသည်။
ထိုပစ်ခတ်မှုအတွင်း သေနတ်အချက်တစ်ဆယ်ကျော်ပစ်ခတ်ခဲ့ပြီး ယခုအချိန်တွင် ရဲနှင့်စစ်သားများ မြို့အနှံ့ ပိတ်ဆို့ရှာဖွေနေကြကြောင်းလည်း မြို့ခံများက ပြောသည်။