ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက ယနေ့၊ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ည ၁၂ နာရီခွဲလောက်က (မတ်လ ၅ ရက်၊ နံနက်အစောပိုင်း) ဗုံးလာကြဲသွားတာ။ ၂ ကြိမ်တိတိ လာကြဲသွားတာ။ မီးပေးတဲ့ရုံနားကိုကျလို့ မီတာရုံးလည်း ပျက်စီးသွားတယ်။ နောက်ပြီး ပိုက်သည်ရပ်ကွက်ဘက်ကိုလည်း ကျတယ်။ ကလေးတစ်ယောက်တော့ ဗုံးစထိပြီး ဒဏ်ရာနည်းနည်းရသွားတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မဟုတ်ပါဘူး။ ဆေးကုသမှုတော့ ပေးထားပါတယ်”ဟု ကျောက်တော် ဒေသခံတစ်ဦးက ရှင်းပြသည်။
ကျောက်တော်မြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းယူထိန်းချုပ်ပြီးနောက် ယင်းမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီအနေဖြင့် လေကြောင်းအသုံးပြုတိုက်ခိုက်လာခြင်းသည် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောသည်။
“လျှပ်စစ်မီးရုံးနားကို ကျတယ်။ အဲ့ဒီနားမှာက စိုက်ပျိုးရေး သိပ္ပံကျောင်းလည်းရှိတော့ အဲ့ဒီကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်။ စစ်နဲ့ မဆိုင်တဲ့ လျှပ်စစ်မီးတွေ၊ ဆက်သွယ်ရေးလိုင်တွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေကို ဗုံးကြဲတာက မလုပ်သင့်ပါဘူး။ ပတ်ဝန်းကျင်မှာဆိုရင် ဦးဇင်းတို့ရဲ့ ဘုရားဝင်းက ဓမ္မာရုံမှာ ဗုံးစအနည်းငယ်ထိပြီးတော့ မှန်တွေအကုန်ကွဲသွားတယ်။ ဗုံးရဲ့ အသံနဲ့ ပြင်းအားရဲ့ လှိုင်းကတော့ တော်တော်ကြီးတယ်လို့ ခံစားရတယ်။ ပေါင်ဘယ်လောက် ဗုံးတွေလည်းတော့ မပြောတတ်ပါဘူး”ဟု ကျောက်တော်မြို့ရှိ ဆရာတော်တစ်ပါးက MPA ကို မိန့်သည်။
ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း “ တိုက်ပွဲဖြစ်ရင် တိုက်ပွဲဖြစ်တဲ့နေရာကို တန်ပြန်တိုက်ခိုက်တာ မဟုတ်ဘဲနဲ့ ပြည်သူတွေရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်တာ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ ပြည်သူတွေ သေကြေပျက်စီးရတယ်ဆိုတာဟာလည်း စစ်ရာဇဝတ်မှုကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်”ဟု သုံးသပ်ပြောသည်။
ရခိုင်စစ်မျက်နှာတွင် အရှုံးနှင့် ကြုံတွေ့နေရသော စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်လိုက်ရသော ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများအပြင် ဆေးရုံများကိုပါ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။