ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်-၂ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ခန့် ကြဲချရုံသာမက ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်နေကြောင်း မြေပြင်ရှိ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။
ယနေ့(ဧပြီ၂၀ရက်)ည ၁နာရီ ခန့်က စတင်ခဲ့သည့် မြဝတီအမှတ်- ၂ ကုန်သွယ်ရေးဝင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲသည် ယခုအချိန်ထိ (နေ့ခင်း ၁၂နာရီ)ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
“ အခုက လေယာဉ်ဝဲနေတုန်း။ ဗုံးကြဲတာလည်း ဆက်တိုက်ပဲ။ မနက် ၈နာရီအထိ ၉လုံးကြဲတယ်။ တစ်ခါကြဲ ၆လုံးနှုန်းနဲ့ မနက် ၁၁နာရီ ခွဲအထိ ဗုံးကြဲနေတာ။အလုံး ၅၀လောက်ရှိပြီ။ရဟတ်ယာဉ် နဲ့လည်း မြေပြင်နားရသလောက် ကပ်ပစ်နေတာ။တစ်ခါပစ်ရင် အချက် ၈၀ကျော်တယ်။အခု နေ့လယ် ၁၂နာရီ ၁၅မိနစ်မှာတော့ မပစ်ဘဲ ဝဲနေတယ်။ရဟတ်ယာဉ်မှာ စစ်သေနတ်လိုပုံနဲ့” ဟု ၎င်းက ပြောသည်။
မြဝတီမြို့ပြင်ရှိ အမှတ် -၂ တံတားအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ဒေသခံပြည်သူများ သည် ၁၄ဂိတ်အနီးရှိ ငြိမ်းချမ်းရေးဘုန်းကြီးကျောင်းဝင်းအတွင်း ခိုလှုံနေပြီး ယခုအချိန်ထိ ထွက်ပေါက်မရှိဖြစ်ကာ ပိတ်မိနေကြောင်း ယင်းဘုန်းကြီးကျောင်းရှိ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
“ ရေပူရွာနားရယ်၊ အမှတ်၂တံတားနားက ကားဝင်းဟောင်းနဲ့ ၁၂ဂိတ်ဘက်ခြမ်းကို ရဟတ်ယာဉ်နဲ့ လည်း ပစ်တယ်။ဗုံးလည်း ကြဲနေတယ်။ ၁၂ ဂိတ်ဘက်ခြမ်းက ကုန်သလောက်ပဲ၊ အလုံးကြီးတွေ ကျတာ။ ဒီငြိမ်းချမ်းရေး ဘုန်းကြီးကျောင်းမှာက တိုက်ပွဲရှောင်ပြည်သူ ၆၀၀ကျော်ရှိတယ်။တချို့ဆို ဒီနေ့ည ၁နာရီခွဲကျော်ကတည်းက ရောက်နေကြတာ။အခုတော့ ပိတ်မိနေတာ။ဒီနေရာကို လေ ကြောင်းနဲ့သာ ဗုံးကြဲရင် အကုန်သေမှာ။ ဒီမှာက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေများတယ်။ ၁၃ဂိတ်နဲ့ ၁၄ဂိတ်က ပြည်သူတွေအများဆုံး ခိုလှုံနေကြတာပါ” ဟု ၎င်းက ပြောသည်။
မြဝတီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သည့် ကော်ဘရာတပ်ခွဲ- ၅က “ မြ၀တီ အမှတ် ( ၂ )တံတား အောက်က ပရုပ်လုံး တွေဘာဖြစ်သွားလဲဗျ။ မပြီးသေးဘူး။ ခုမှ အစပဲရှိသေး တယ်။ဆက်ဆွဲ ကြမယ်” ဟု ၎င်းတို့စစ်ကြောင်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။
Cobra တပ်ခွဲ- ၅ထံသို့ ယနေ့တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ MPAအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။