စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံ နှစ်သောင်းခန့် အရေးပေါ် တိမ်းရှောင်နေရကြောင်းသိရသည်။
မတ်လ ၂၂ရက်နေ့မှစ၍ ယနေ့ (ဧပြီ ၈)ရက်နေ့အထိ ၁၇ရက်တာ အရေးပေါ်စစ်ကြောင်းရှောင်နေကြရကြောင်း ဒေသခံအချို့ထံကသိရသည်။
” စစ်တပ်အင်အား ၃၀၀ လောက်ပါတယ်။ လက်ရှိကတော့ စစ်တပ်က စစ်ရာဇဝတ်မှု ကျုးလွန်တာမျိုးမရှိသေးဘူး။ စစ်ကြောင်းကတော့ တစ်ရွာဝင်တစ်ရွာထွက် လုပ်နေတာ။တစ်ရွာကို အင်အား ၆၀နဲ့ အထက် တပ်စွဲပြီး နေထိုင်တာမျိုး ရှိနေပါတယ်” ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ ပြန်ကြားရေးတာဝန်ခံ ကိုသက်ဦးက MPA သို့ ပြောသည်။
အရေးပေါ် တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း၊ ကံကုန်းရွာက လူဦးရေ ၄၃၀၀၊ ဒုန်းတောရွာက ၂၀၀၀၊ဂုဏ်တောရွာ က၁၇၀၀ ၊ ရွာသာရွာက ၁၆၀၀ ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ဘိန်းနွယ်ချောင်ရွာ က လူဦးရေ ၁၅၀၀၊ ကျေးစာကျရွာ က ၁၅၅၀ ၊ပေကုန်းရွာက ၄၅၀ ၊ ထန်တောကြီးရွာက ၄၂၀၀ ၊ရေကြည်ပင်ရွာ (ရွာဟောင်း)က ၁၀၀၀ ၊ရွာသစ် ရွာက ၂၅၀ နှင့် မြရိပ်ရွာက ၁၈၀၀ တို့ ဖြစ်ကြောင်း သိရသည်။
” စစ်ရှောင်နေရတာ ကြာပြီ။ ဘယ်ရွာကမှလည်း အကြာကြီး မကျွေးထားနိုင်ဘူး။ IDP စစ်ရှောင်စခန်းရယ်လို့လည်း သီးသန့်မရှိနေဘူး။ စစ်တပ်ကလည်း တဇောက်ကန်းလုပ်နေတာ။ အသက်မသေဖို့ပဲ ပတ်ပြေးနေရတယ်။ သူများကျွေးတဲ့ အစာလေးစားပြီး ပြေးနေရတာပါပဲ” ဟု ကံကုန်းရွာသားတစ်ဦးက ပြောသည်။
အရေးပေါ် တိမ်းရှောင်နေရသည့် စစ်ရှောင်များအတွက် ဆန်၊ဆီ၊ဆေးဝါး၊အခြေခံစားသောက်ကုန်၊ဟင်းသီးဟင်းရွက်၊ မိုးကာ၊ စက်သုံးဆီနှင့် ဓာတ်မီးတို့ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဆိုသည်။