ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသောကြောင့် မံစီမြို့နယ်အတွင်းမှ တိမ်ရှောင်လာသူများမှာ ၁၀ ရက်အတွင်း လူဦးရေ ၇၀၀ ကျော်ရှိကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မံစီမြို့နယ်အတွင်းရှိ စီခမ်းကြီး၊ စီကော်၊ ခါချဉ်၊ မွန်စင့်၊ သံတံတားနှင့် မက်လင် စသည့်ကျေးရွာများအပါအဝင် နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူများမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ ဗန်းမော်မြို့ရှိ ဘုန်းကြီးကျောင်းများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ လာရောက်တိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။
“ ကျွန်တော်တို့ဘက်မှာ ဒီရက်တွေထဲ တိုက်ပွဲတွေ ဖြစ်နေတယ်၊ ကျွန်တော်တို့ကတော့ ရွာဘက်မှာ မနေရဲလို့ မြို့ပေါ်ကို ဖြစ်တဲ့နည်းနဲ့ စစ်ဘေးလာရှောင်နေတာပါ ” ဟု စစ်ဘေးရှောင်နေရသည့် အမျိုးသားတစ်ဦးက ဆိုသည်။
နေရပ်ကို ရုတ်တရက် စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်လာရသောကြောင့် စားသောက်ရေးနှင့် စောင်၊ ခြင်ထောင်၊ အဝတ်အထည်စသည့် အခြေခံအသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကပြောသည်။
“ အခုလက်ရှိမှာတော့ စစ်ဘေးရှောင်တွေက ရုတ်တရက် တိမ်းရှောင်လာရတာဆိုတော့ သူတို့မှာ ဘာမှပါမလာဘူး။ အဝတ်အစား၊ စောင်၊ ခြင်ထောင် အကုန်လိုအပ်နေတယ်၊ ပြီးတော့ အခုက ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်၊ လူဦးရေ ရာချီပြီးဆိုတော့ ရေရှည်ကျ စားသောက်ရေးပိုင်းက အခက်အခဲဖြစ်လာနိုင်ပါတယ် “ ဟု ၎င်းကရှင်းပြသည်။
မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စီခမ်းကြီးဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ တော်လှန်ရေးတပ်ပေါင်းစုများက ၃ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။