စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတွင် ခွေးဘီလူးစစ်ကြောင်း ဝင်ရောက်တပ်စွဲနေမှုကြောင့် ရွာ၁၈ရွာမှ ဒေသခံ၆၀၀၀ကျော် အရေးပေါ် စစ်ရှောင်နေရကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၁ရက်တွင် ကံထူးမရွာသို့ ခွေးဘီလူးစစ်ကြောင်း ဝင်ရောက်တပ်စွဲပြီးနောက် ယနေ့(ဖေဖေါ်ဝါရီ၂၃ရက်)နေ့ခင်းပိုင်းအထိ ကံထူးမရွာအပါအဝင် အနီးဝန်းကျင်ရှိ စုစုပေါင်း ရွာ၁၈ရွာ မှဒေသခံများ ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
” စစ်ကြောင်းက ၂၁ရက်နေ့ကတည်းက ကံထူးမကိုရောက်တယ်။ နာမည်ကြီး ၊ကြမ်းတမ်းတဲ့ အဖွဲ့ဆိုတော့ မဲမဲမြင်ရာ အကုန်လုပ်တာဖြစ်လို့ အကုန်လုံး လွတ်ရာကို ပတ်ရှောင်နေကြတယ်။ အပေါ်က လေယာဥ်ရန်ရှိနေတာမို့ တစ်ရွာမှပြန်ဝင်မနေကြသေးဘူး။ ရှောင်နေကြဆဲပဲ” ဟု တန့်ဆည်မြို့နယ်၊ကြောင်ဆင်းအိုင်ရွာသားတစ်ဦးက MPA သို့ပြောသည်။
ဖေဖေါ်ဝါရီ၂၁ရက် နံနက်ပိုင်းတွင် ကံထူးမနယ်မြေရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်လျက်ရှိပြီး ယနေ့ နံနက် ၈နာရီအထိ PDF ရှိမည်ထင်သော နေရာများကို လေကြောင်းမှ ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“ ကျမတို့ကတော့ အိမ်ပြန်ချင်နေပြီ။ အိမ်က ဘာရှိလို့လဲဆိုရင်တော့ ဘာမှမရှိပါဘူး။အခုက သူများရွာမှာ လာရှောင်နေရတာ ကိုယ့်အိမ်လိုတော့ အဆင်မပြေဘူး ။ စစ်ရှောင်ရတာ လူကနည်းနည်းလည်း မဟုတ်ဘူး။ အများကြီး။ အိမ်သာသွားရတာကစ အဆင်မပြေဘူး။ လူထောင်ချီရှိတာကို ဘယ်ရွာကမှ အကြာကြီး ထမင်းမကျွေးထားနိုင်ဘူး။အခုလည်း မလောက်ငှ ပါဘူး” ဟု အရေးပေါ်စစ်ရှောင်နေရသော ပေကုန်းရွာသူ တစ်ဦးက ဆိုသည်။
ကံထူးမရွာတွင် ဝင်ရောက်တပ်စွဲသည့် စစ်တပ်မှာ ခမရ -၇၀၈ တပ်ရင်းလက်အောက်ခံ အင်အား ၈၀ ခန့်ပါသည့် ခွေးဘီလူးစစ်ကြောင်းဖြစ်ပြီး ယနေ့၊ နေ့ခင်းပိုင်းအထိ အခြားမည်သည့်ရွာကိုမျှ မသွားဘဲ ကံထူးမရွာ၌သာ အခြေစိုက်နေကြောင်း သိရသည်။
စစ်ရှောင်နေကြရသည့် ကျေးရွာများမှာ ကံထူးမ၊လယ်တီး၊လယ်မ၊ညောင်လယ်၊သရက်ကုန်း၊အုန်းတော၊မြေခု၊လက်ပံကုန်း၊ဝါးရုံရင်း၊လက်ဆည်၊အင်တော၊ပေကုန်း၊ကျေးကန်၊အိုင်လျားရှည်၊ကြောင်ဆင်းအိုင်၊အင်ရေအိုး၊ကံကလေးကုန်းရွာနှင့် ဇီးပေါက်ရွာတို့ ဖြစ်သည်။
ယင်းကျေးရွာများသည် ရွာစဥ်ရွာတန်းများဖြစ်ကြပြီး တစ်ရွာနှင့်တစ်ရွာ ထိစပ်လျက်ရှိကာ ရွာတစ်တန်းလျှင် ကျေးရွာ ၇ရွာခန့် ရှိသည်။