ရန်ကုန်မြို့တွင် ယခုလအတွင်း နိုင်ငံရေးပုဒ်မတပ်ကာ ဖမ်းဆီးခံရသူမှာ တစ်ရက်လျှင် အနည်းဆုံး ၃ ယောက် ရှိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ အကြမ်းဖက်ဥပဒေပုဒ်မ မှ ထောက်ခံအားပေး ကူညီသူအဆင့်ထိ ဖြစ်ကြောင်း သိရသည်။
“ ဒီလထဲမှာ တစ်ရက်ကို သုံးယောက် အနည်းဆုံး အဖမ်းခံရတာတွေ ရှိတယ်။ ဆန္ဒပြတဲ့သူတွေ၊ ဖောက်ခွဲရေးမှာ ပါဝင်သူတွေနဲ့ ထောက်ခံအားပေးသူတွေဆိုပြီး ပုဒ်မကပ်ဖမ်းတာရှိတယ်” ဟု ၎င်းက ပြောသည်။
အများဆုံး ဖမ်းခံရသူများမှာ ပြည်သူများဖြစ်ပြီး လက်ကိုင်ဖုန်းအတွင်း NUG ထောက်ခံသည့် ပို့စ်၊ စစ်ကောင်စီကို ရှုတ်ချသည့် လူမှုကွန်ရက်ပို့စ်နှင့် ဓာတ်ပုံတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“ ဖုန်းစစ်တာမျိုးကို ရှောင်တခင် စစ်တယ်။ ဧည့်စာရင်းစစ်ရင်း ရှာတယ်။ မိရင် တစ်ယောက်ကို အခြေအနေကြည့်ပြီး တစ်သိန်းကနေ သိန်း ၅၀ ထိ ယူတယ်။ စစ်တပ်ကပဲ ရတာပါ။ ရဲတွေကတော့ သောက်ရစားရ မုန့်ဖိုးရရုံလောက်ပဲ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။
ရန်ကုန်မြို့တော်အတွင်း မြို့ပြပြောက်ကျားများအဖြစ် တိုက်ပွဲဝင်နေကြသော တော်လှန်ရေးတပ်ဖွဲ့ကြီးသုံးခုက ယခုလအတွင်း ဖမ်းဆီးခံထားရသည့် ၎င်းတို့အဖွဲ့ဝင်တစ်ဦးမှ မရှိကြောင်း MPA သို့ပြောသည်။