သတိပေးနေသည့်ကြားက စစ်ကောင်စီ၏ ရိက္ခာပစ္စည်းများ သယ်ပေးပြန်သည့် ရွှေပုလဲသီ ခရီးသည်တင်ကားရှေ့မှန်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ထံက သိရသည်။
ဇန်နဝါရီလ ၂၆ရက်နေ့၊ မနက် ၁၁ နာရီခွဲခန့်က မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ရွှေပုလဲသီ ခရီးသည် တင်ကားကို ပုလောမြို့နယ်ရှိ သင်္ဃန်းတောရွာ အနီးတွင် PRDFတပ်ဖွဲ့မှ ခိုင်မာသည့် သတင်းပေးမှုအရ ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း PRDFတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ မနေ့က စစ်တာ။ ရွှေပုလဲသီကားကို အရင်တစ်ခေါက်စစ်တုန်းက ရိက္ခာတွေသယ်ပေးနေတာတွေ့လို့ သတိပေးထားပြီးသား။ တကယ်လို့ တင်လာတယ်ဆိုလည်း သတင်းပို့ပေးဖို့ ပြောထားတာရှိတယ်။ အခုတစ်ခေါက်ကျ ပဝတ်ကုန်းကနေ စစ်ခွေးတွေရဲ့ဆန်အိတ်ကို ပလတပ်မှာချပေးတယ်။ ပုံနဲ့တကွ ကျွန်တော်တို့ဆီကိုရောက်လို့ ခရီးသည်တွေနဲ့ကားဆရာတွေ အောက်ဆင်းခိုင်းပြီး ကားမှန်ကိုပစ်တာပါ” ဟု ၎င်းကပြောသည်။
ကားလေကာမှန်အား သေနတ်ဖြင့်ပစ်ခတ်ပြီး တုတ်ဖြင့်ရိုက်ကာ PRDFတပ်ဖွဲ့က သတိပေးထားသည့်အတိုင်း မလိုက်နာခဲ့သည့် ရွှေပုလဲသီ ခရီးသည်တင်ကား မောင်းနှင်သူနှင့် ယာဉ်အကူတို့အား ထပ်မံသတိပေးခဲ့ကြောင်း PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မနေ့က ခရီးသည် ၂၀ကျော်ပါတယ်။ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရရင် တောင်းပန်ပါတယ်။ ကားက ပုလောရောက်တော့ လေကာမှန်မရှိတော့ဘူး။ သူတို့ဖြုတ်လိုက်တာဖြစ်မယ်။ နောက်ဆို ဒီထပ်ပိုထိရောက်တဲ့ အပြစ်ပေးမှုတွေ ပြုသွားမှာပါ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ပုလောမြို့အခြေစိုက် ၂၈၅တပ်ရင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲမရှိဘဲ ငြိမ်သက်လျက်ရှိကြောင်း မြိတ်-ထားဝယ်ကားလမ်းပိုင်းကို ပုလော PDF၊ PRDF နှင့် မဟာမိတ်တပ်ပေါင်းစုများမှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း MPA က စုံစမ်းသိရသည်။