တရားမဝင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် တစ်အိမ်တက်ဆင်းလူဦးရေစာရင်းကောက်ခံရာတွင် ပါဝင်သူများကို နီးစပ်ရာတော်လှန်ရေးအင်အားစုများထံ လျှို့ဝှက်သတင်းပေးကြရန် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအား တိုက်တွန်းလိုက်သည်။
ပခုက္ကူမြို့ပေါ်တွင် စစ်ကောင်စီပြုလုပ်မည့်တရားမဝင်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များကို
ပူးပေါင်းဆောင်ရွက်ကြသူများအနေနှင့် မရပ်တန့်ပါက ဥပဒေနှင့် အညီရရာနည်းလမ်းဖြင့် အပြစ်ပေးအရေးယူသွားမည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“ အခု လို အိမ်ထောင်စု စာရင်း ကောက်ပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာတွေကိုပြည်သူတွေအနေနဲ့ ကိုယ်အတွက်လည်းဒုက္ခမရောက်အောင်အသိဥာဏ်သုံးပြီး ရတဲ့ နည်း လမ်း နဲ့ စစ်ကောင်စီ ကို တွန်းလှန်ဖို့ တိုက်တွန်းလိုပါတယ်၊ အခုလို လက်နက် အားကိုးနဲ့ အိမ်ထောင်စုစာရင်းအတင်းအကျပ်ကောက်ပြီး မသမာတဲ့ရွေးကောက်ပွဲ ကို ပြည်သူတစ်ရပ်လုံး အနေနဲ့ ရတဲ့ နည်းလမ်းတွေအနေနဲ့ရော တော်လှန်ရေးအင်အားစုများအနေနဲ့လည်း ရတဲ့ နည်းလမ်းနဲ့ တွန်းလှန်လှုပ်ရှားကြဖို့ လည်း ကတိပြုပါတယ်” လို့ ပခုက္ကူမြို့နယ်ပအဖတာဝန်ရှိသူကဆိုသည်။
ပခုက္ကူမြို့ပေါ်တွင် စစ်သား၊ရဲနှင့်ပျူစောထီးအပါအဝင် Non CDM ဝန်ထမ်းများပူးပေါင်းပြီး ရပ်ကွက်များ အတွင်း လူဦးရေစာရင်းကို ဇန်နဝါရီ ၉ရက်နေ့ကစတင်ကာ တအိမ်တက်ဆင်းလိုက်လံကောက်ခံနေကြောင်း အမှတ် ၆ရပ်ကွက်သားတစ်ဦးကဆိုသည်။
“
အိမ်တစ်အိမ်ကို သူတို့လူနှစ်ယောက်ဝင်တယ်၊သူတို့ဆီမှာရှိတဲ့အိမ်ထောင်ဦးစီးနာမည်မေးပြီးအိမ်ထောင်စုစာရင်းထဲရှိတဲ့လူနာမည်၊အလုပ်အကိုင်၊မှတ်ပုံတင်နံပါတ်၊သူတို့ဆီမှာရှိတဲ့အချက်လက်နဲ့မှန်မမှန်တိုက်စစ်တာ” ဟု အမှတ် ၁ရပ်ကွက်သားတစ်ဦးကဆိုသည်။
ပခုက္ကူမြို့တွင် တအိမ်တက်ဆင်း စာရင်းကောက်ခြင်းကို Non CDM ဝန်ထမ်း၆ဦးကဆောင်ရွက်ပြီး လုံခြုံရေးအင်အားမှာ စစ်သားနှင့်ရဲ ၄၀ ခန့်ရှိကြောင်းသိရသည်။