စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲခန့်က စစ်ကောင်စီ၏ နှစ်ဘက်ညှပ်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြေပြင်သတင်းအရ သိရသည်။
“သူတို့စစ်ကြောင်း (စကစ) က မနက် ၃ နာရီလောက်ကတည်းက ရောက်နေတာ ထင်တယ်ဗျ။ ကျနော်တို့က ရွာလုံခြုံရေးအနေနဲ့ ညတိုင်းကင်းပတ်တယ်။ လူစိမ်းအဝင်အထွက် စောင့်ကြည့်တာပေါ့။ သူတို့ရောက်နေတဲ့ သတင်းတော့ကြားတယ်ဗျ၊ အဲ့ဒါနဲ့ကျနော်တို့လည်း အရေးတော့ထားတယ်။ ဒါပေမဲ့သူတို့က ဘယ်လိုပြောမလဲ ချောင်ပိတ်တာပေါ့။ တစ်ဘက်ကို အယောင်ပြပြီး တခြားတဘက်ကလည်း ရောက်နေတာ၊ ကျနော်တို့က အဲ့ဒီအယောင်ပြတဲ့ဘက်ကို စောင့်ကြည့်နေတာဗျ။ သူတို့အဲ့ဒီဘက်ကလာတယ်။ ဒါနဲ့ကျနော်တို့က အနောက်ကိုပြန်ဆုတ်ခဲ့တာဗျ။ အဲ့ဒီအချိန်မှာပဲ အနောက်ဘက်မှာရောက်နေတဲ့ အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး သူတို့က အရင်စပစ်တော့တာ”ဟု ယင်းဖြစ်စဥ်မှ လွတ်မြောက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမိုးညိုက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ တကွဲတပြားပြေးလွှားခဲ့ရကာ အဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်၍ ၉ ဦးအဖမ်းခံခဲ့ရသည်ဟု ဆိုသည်။
“၄ နာရီခွဲလောက်ကတည်းက စပစ်တာဆိုတော့ အချိန် ၂ နာရီခွဲလောက်တော့ ကြာတယ်ဗျ။ ပစ်ခံရတာက ရွာထဲမှာ အပစ်ခံရတာ။ ဒါနဲ့ကျနော်တို့လည်း ရွာအပြင်ဘက်ပြေးရတာ၊ 9mm ပစ္စတိုတစ်လက်တော့ ပါသွားတယ်။ M4 ကာဘိုင်က ပျက်နေတာဗျ ပြင်ဖို့ body မှာထားတာ”ဟု ဆက်လက်ပြောပြသည်။
ယင်းပစ်ခတ်မှုအပြီး စစ်ကောင်စီစစ်ကြောင်းသည် သာစည်ရွာမှ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်နေ့လယ်လုံး ရွာထဲဝင်မွှေကာ အပြစ်မဲ့ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။
“ဒလန်သတင်းပေးကြောင့်လို့ သိရတယ်။ အန်တီတို့လည်း အပြင်မထွက်ရဲဘူး။ တစ်နေ့လယ်လုံး သေနတ်တွေနဲ့ ပတ်ပစ်နေတာ”ဟု သာစည်ရွာဒေသခံတစ်ဦးမှ MPA သို့ ပြောသည်။
စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းမီဒီယာများတွင် PDF အဖွဲ့ဝင် ၁၀ ဦး ( ၁ ဦးသည် ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ)၊ SIG SAUER ပစ္စတိုသေနတ် ၁ လက်၊ အမ်-၄ ကာဘိုင်သေနတ် ၁လက်၊ ၉ မမကျည်အိမ် ၁ ခု၊ ၃၅ တောင့်ဝင်ကျည်အိမ် (အမ်အေ) ၂ ခု၊ ၉ မမကျည် ၉ တောင့်၊ ၅.၅၆ မမကျည် ၄၅ တောင့်၊ ၇.၆၂ မမကျည် ၂ တောင့်၊ အမ်-၂၂ ကျည် ၃ တောင့်၊၁၂ ဗို့ကျည် ၄၂ တောင့်၊ အိုင်ကွန် ၂လုံး၊ ပြောက်ကျားယူနီဖောင်း ၁၀ စုံ၊ ဆေးခြောက် ၁ ထုပ်၊ ဆေးမျိုးစုံ ၂ ထုပ်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ Toyota Crown (ခဲရောင်) ယာဉ် ၁ စီး၊ ဖုန်းမျိုးစုံ ၆ လုံး၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ကျောပိုးအိတ် ၉ လုံး တို့အား သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်ထားသည်။