By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း စွန်ရဲ Revolution Force က သတင်းထုတ်ပြန်သည်။
ယနေ့(ဇွန်လ ၁၄ ရက်နေ့) နံနက် ၁၁ နာရီခန့်တွင် မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းခဲ့ရာ ဘန်ကာအတွင်းထဲသို့ ဗုံးကျရောက်ခဲ့ကြောင်း သိရသည်။
“အဲ့လို ပစ်ပြီး ပေါက်ကွဲသံထွက်လာတာနဲ့ ဘဏ်ရုံးအပေါ်ထပ်ကနေ ရမ်းပစ်တာမျိုးပဲရှိပါတယ်။သေတဲ့ နှစ်ယောက်ကိုဘယ်ကိုပို့တယ်လို့တော့ မသိရဘူးဗျ။ဒဏ်ရာရတဲ့ ကောင်ကိုတော့ ရဲစခန်းထဲမှာ ကြိတ်ကုနေတယ်လို့သိရပါတယ်” ဟု စွန်ရဲ Revolution Force မှ တိုက်ခိုက်ရေးခေါင်းဆောင် ကိုပေါက်စက MPA သို့ပြောသည်။
စစ်သားများက ပြန်လည်ပစ်ခတ်မှုများ ရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
“ကျတော်တို့ ပြန်အဆုတ်မှာတော့ မြို့ရှောင်လမ်း တစ်ကြောလုံး ပိတ်ထားတယ်။မြို့ထဲက နေရာအနှံ့မှာ စစ်ဆေးတာမျိုးတွေရှိတယ်။ ခုညနေကတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ” ဟု၎င်းကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို စွန်ရဲ Revolution Force နှင့် Black Hero Revolution Force တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရသည့်အပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။