By Black Panda / MPA
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သပြေသာရွာ (ခ) လက်ပံတန်းရွာကို ၂၀၂၄ခုနှစ်၊ ဇွန် ရှစ်ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာပြီဖြစ်ကြောင်း အဆိုပါရွာမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ ဇွန် ရှစ်ရက်နေ့က သပြေသာရွာဘုန်းကြီးကျောင်းထဲမှာ အစည်းဝေးပြုလုပ်နေတယ်။ အဲ့ဒီကျောင်းထဲမှာ စစ်ရှောင်ဦးရေ တော်တော်များများရှိကြတယ်ဗျ၊ အစည်းအဝေးလုပ်တဲ့သတင်းကို စစ်ကောင်စီဆီပေါက်ကြားသွားတယ်။ ပြီးတော့ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဘုန်းကြီးကျောင်း အဆောက်အအုံတွေကို ဗုံးသီး၊ ရော့ကတ်၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲပါတယ်ဗျ၊ အဲ့ဒါကြောင့် အဲ့ဒီနေ့မှာဘဲ ကျောင်းထိုင်ဘုန်းကြီးနဲ့ ဦးဇင်းတစ်ပါး အပါအဝင် ရဲဘော်တွေနဲ့ ပြည်သူ ကိုးဦးကျဆုံးခဲ့ တယ်” ဟု အဆိုပါ ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ၂၀၂၄ခုနှစ်၊ ဇွန် ရှစ်ရက်တွင် သပြောသာရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာ နှစ်ပါး အပါအဝင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ကိုးဦးသေဆုံးခဲ့ပြီး ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက်မှ ဒဏ်ရာပြင်းထန်သူများပါ သေဆုံးခဲ့ခြင်းကြောင့် လက်ရှိတွင် သေဆုံးသူ ဦးရေသည် ၂၀ကျော်လာခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆက်လက်ရှင်းပြသည်။
” အချို့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့သူတွေကတော့ တဖြည်းဖြည်းသေကုန်ကြတာ၊ တချို့တွေဆို ဖြစ်ဖြစ်ခြင်းတုန်းကမသေပေမဲ့ ဒဏ်ရာကပြင်းထန်တော့ တစ်ရက်၊ တစ်ရက်သေဆုံးတာ များလာတာ” ဟု ထိုရဲဘော်က ဆက်ပြောငည်။
သပြေသာရွာကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သောကြောင့် ရွာရှိနေအိမ်အားလုံး ပျက်စီးသွားကြောင်း အဆိုပါရွာ ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက MPAသို့ပြောသည်။
” အိမ်ခြေက အလုံးတစ်ရာကျော်ရှိတယ်။ အိမ်ခြေအားလုံး ပျက်စီးသွားတယ်။ လက်ရှိမှာတော့ နီးစပ်ရာတွေကို ရှောင်ပြေးနေရတယ်။ ဒီနေ့အထိ ရွာထဲမှာ တစ်ယောက်မှ မရှိဘူး” ဟု အဆိုပါ အမျိုးသားကပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသော စစ်ဘေးရှောင်များအတွက် ပြည်သူများထံမှ အလှူငွေကောက်ခံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ကဆိုသည်။
“ အခုက အလှူငွေ တစ်သိန်းလောက်ပဲရသေးတယ်။ ဒီနေ့မှ စပြီး အလှူငွေကောက်ခံနေလို့ပါ” ဟု ၎င်းက ပြောသည်။
လက်ရှိ သပြေသာကျေးရွာ ဒေသခံများသည် ကျေးရွာအတွင်း နေထိုင်လို့မရဘဲ နီးစပ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အကူညီများစွာလိုအပ်နေကြောင်း သပြေသာကျေးရွာ ရွာသားတစ်ဦးက ပြောသည်။
“ အဓိကကတော့ စားနပ်ရိက္ခာ ၊ ဆေးဝါးတွေလိုနေပါတယ်။ ဒဏ်ရာရရှိသူတွေလည်းပါတော့ ဆေးဝါးက မဖြစ်မနေလိုအပ်နေပါတယ်” ဟု ၎င်းကပြောသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလမှ မေလအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူသည် ၆၇၀ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူသည် ၁၅၀၀နီးပါးရှိကြောင်း သတင်းဌာနများ၏ ဖော်ပြချက်များ အရသိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေများ၌ အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများကို မဆင်မခြင်ပြုလုပ်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများအနက် လူသေပျောက်မှုအများဆုံးဖြစ်စဉ်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးကျေးရွာဖြစ်စဉ်ဖြစ်ကာ လူပေါင်း ၁၇၀ ခန့်သေဆုံးခဲ့သည်။






