နေရပ်စွန့်ခွာ ရရာနေရာတွင် ရသလို ဖြစ်သလို ဘဝကို ပုံချထားရသော စစ်ဘေးရှောင်တို့မှာ စစ်မိစ္ဆာ တို့၏ သေမင်းဖိတ်စာကို ခြွင်းချက်မရှိ၊ခုခံချေပ ငြင်းပယ်ခွင့်မရှိ လက်ခံခဲ့ရသည်။
လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာသည် ကားလမ်းမကြီးနံဘေးတွင် တည်ရှိသည်။စစ်ရှောင်တို့ အတွက်နေ၍ဖြစ်သည်ဆိုရုံ ဖြစ်သလို တဲများအနီးတွင် စစ်ရှောင်ပြည်သူတို့၏ ဘဝကို ခေါင်းလောင်သံချိုချိုဖြင့် ငြိမ်းအေးစေမည့် ဘုရားရှိခိုးကျောင်းလည်းရှိသည်။နေရပ်စွန့်ခွာ ဘုရားရိပ်အနီး ရောက်ရှိလာခဲ့သည့်တိုင် သူတို့ဘဝ များစွာကို စစ်မိစ္ဆာများက ချမ်းသာမပေး။ အဆိုးကြမ္မာက ကောက်ကောက်ပါ လိုက်လာခဲ့သည်။
အောက်တိုဘာ၉ရက်ညက သန်းခေါင်ယံသို့ ချဉ်းနင်းဝင်ရောက်လာသည့် ၁၁နာရီခွဲကျော်အချိန်တွင် အမျိုးအမည်မသိသေးသော ဖျက်အားပြင်း ပေါက်ကွဲမှုကြီးက စစ်ရှောင်တို့၏ ခန္ဓာကိုယ်ကိုပင် အ ကောင်း အတိုင်း ပြန်မပေး၊တစ်စစီ ချေမွဖျက်ဆီးခဲ့သည်။
ကြောက်မက်ဖွယ် ဝုန်းခနဲ မြည်ဟီးလိုက်သော အသံနက်ကြီးက သူတို့၏ဘဝကို ပြီးဆုံးမှန်းမသိ ပြီး ဆုံးစေခဲ့သည်။မေတ္တာဓာတ်ကြီးစွာဖြင့် ဖွဲ့စည်းထားသော ဘုရားကျောင်းပင်လျှင် အစအန ရှာမရ။ကလေးများ အပါအဝင်စုစုပေါင်း စစ်ရှောင် ၃၀ ဝန်းကျင် မည်သို့မည်ပုံ ဘဝကူးသွားသည်ကိုပင် သိမည်မထင်။စစ်ရှောင်တို့ နေထိုင်ရာ တဲထက်မပိုသော အိမ် ၁၆၀ ကျော်သည်လည်း ပျက်စီးခဲ့သည်။
ကချင်ပြည်နယ် ထောင့်ကွေး နယ်စပ်မြို့အနီးရှိ လူသိနည်းလွန်းလှသော မုန်လိုင်ခက်ဆိုသည့် အမည် မှာ အောက်တိုဘာ၁၀ရက်နေ့တွင် မြန်မာတင်မက ကမ္ဘာသို့ပင် ဝမ်းနည်းခြင်းများစွာ၊မျက်ရည်များဖြိုင်ဖြိုင်ကျ ကာဖြင့် ကျော်ကြားခဲ့သည်။အပြစ်မဲ့ရုံတင်မက ခိုကိုးရာမဲ့ မျှော်လင့်ချက်မဲ့နေသော စစ်ရှောင်ပြည်သူများကိုမှ ရက်စက် ရဲလေ ခြင်းဟု စက်ဆုပ်ရွံရှာကြကုန်သည်။
တစ်ကမ္ဘာလုံးက စစ်ကောင်စီ၏ အဆုံးစွန်သော အောက်တန်းကျချက်ဟု တစ်ချက်စဉ်းစားစရာမလို ဘဲ လက်ခံလိုက်ကြသော်လည်း စစ်ကောင်စီကမူ ၎င်းတို့နှင့်မဆိုင်ဟု သူရဲဘောကြောင်တော့သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International ) လက်နက်ကျွမ်းကျင် သူ များက ဗုံးပေါက်ကွဲမှုကြောင့်ဖြစ်သည့် ကျင်းအရွယ်အစားနှင့် အပျက်အစီးများကို လေ့လာပြီးနောက် စစ်တပ် အသုံးပြုလေ့ရှိသည့် လေကြောင်းမှ ပစ်ခတ်နိုင်သော ကြီးမားပြင်းထန် ဗုံးအမျိုးအစားနှင့် ကိုက်ညီနေ ကြောင်း နှင့် တိကျမှန်ကန်မှုမရှိသည့် ပဲ့ထိန်း လမ်းညွှန်မဲ့ဗုံးကို အသုံးပြုခဲ့သည်မှာ သေချာသလောက် ရှိ ကြောင်း ဆို သည်။မည်သူတို့က မည်သို့ပင် ဆိုစေ ညသန်းခေါင်နားနီး အချိန်ကျမှ လက်သီးပုန်းထိုးရဲခဲ့သော စစ်ကောင်စီ ကတော့ နောင်တစ်ချိန် ပြည်သူ့ခုံရုံးသို့ရောက်မှသာ ဝန်ခံတော့မှာ သေချာသည်။
မုန်လိုင်ခက် စစ်ရှောင်ရွာ တိုက်ခိုက်ခံရပြီး မကြာမီမှာပင် စစ်ရှောင်ပြည်သူများကို အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် လုံးဝလက်မခံသော နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါသူပုန်ထကာ ကြေညာချက် များ ပလူပျံနေအောင် ထုတ်ပြန်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတော့သည်။ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်က လည်း မုန်လိုင်ခက်စစ်ရှောင်ရွာ တိုက်ခိုက်မှု လက်သည် တာဝန်ခံရမည်ဟု ပြတ်ပြတ်ပြောခဲ့သည်။
ပြန်လည်အမှတ်ရစရာက စစ်ကောင်စီတပ်၏ အနန့်ပါ လူသတ်ပွဲကြီးဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ၂၄ရက်နေ့ ညက ဖားကန့်ဒေသ၊အနန့်ပါတွင် ဂီတ ဖျော် ဖြေပွဲ ကျင်းပနေစဉ် စစ်တပ်က လေ ကြောင်းတိုက်ခိုက်ခဲ့ရာ သေဆုံးသူ၆၀ကျော်ရှိခဲ့ဖူးသည်။
ထိုအချိန်တုန်းကလည်း နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ဖူးသည်။ အနန့်ပါတင်မက ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင်ကျောင်းနှင့် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံ ရမှု။ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။သို့သော်၊ကန့်ကွက်ပြီးတော့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ၎င်းတို့ တာဝန်ကျေသွားသည့်နှယ် ကား လိပ်ချခဲ့ကြသည်ချည်းဖြစ်သည်။
ကြေညာချက်ထုတ် ကန့်ကွက်ရုံသာရှိသော နိုင်ငံတကာအသိုင်းအဝိုင်းကြောင့် စစ်ကောင်စီက ငရဲထိ ရောက်အောင် မိုက်တွင်းနက်နက်တူးကာ အစုလိုက်အပြုံလိုက် ပြည်သူ သတ်ဖြတ်နေမှုများကို ဆက်တိုက် ကျူးလွန်နေခြင်းလည်းဖြစ် သည်။မုန်လိုင်ခက်ရွာ သတ်ဖြတ်ခံရမှုကို ကြေညာချက်ထုတ်လိုက်ရုံဖြင့် တာဝန် ကျေပြီဟု ဆက်လက်ယူဆ နေဦးမည်ဆိုပါက အတောမသတ်နိုင်သော လူသတ်ပွဲများ ဆက်လက် ဖြစ်လာဦး မှာ သေချာသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ကတော့ စစ်ကောင်စီကို ပြတ်ပြတ်သားသားအ ရေးယူရန် အောက်တိုဘာ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်းခဲ့တယ်။ SAC-M အဖွဲ့ဝင် Chris Sidoti က မုန်လိုင်ခက်စစ်ရှောင်ရွာတိုက်ခိုက်ခံရမှုသည် မြန်မာပြည်သူများအပေါ် အကာအကွယ် ပေးရန် နိုင်ငံ တကာ ပျက်ကွက်မှုရလဒ်ဟု ဆိုသည်။ SAC-M အဖွဲ့ဝင် မစ္စယန်ဟီးလီ က ကုလသမဂ္ဂအနေ နှင့်မြန်မာ ပြည်သူဘက် ဘယ်တော့ရပ်မှာလဲဟုပင် မေးခွန်းထုတ်လိုက်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် မြန်မာပြည်သူများဘက် ရပ်တည်နေခြင်းမှာ တကယ်လားဟု မြန်မာပြည်သူတို့က မေးခွန်းထုတ်နေကြသည်မှာလည်း ကြာပြီဖြစ်သည်။