မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောသည်။
ဇွန် ၁၄ရက်က ၎င်း၏ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်း၏အမြင်ကို “Ignite Thailand၊ Re-ignite Thai Diplomacy” ခေါင်းစဉ်ဖြင့် မျှဝေခဲ့သည်။
“ကျနော်တို့ လုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံကို ဦးစားပေးလုပ်ဆောင်သွားရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ဖော်ဆောင်ရာမှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ပါတယ်” ဟု မစ္စတာ Maris က ပြောသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးသည် အရေးကြီးသည့်အတွက် ဆက်လက်တွန်းအားပေးသွားမည်ဟုလည်း ဆိုသည်။
“အဲဒါကို အဖွဲ့အစည်းတိုင်းက လက်ခံဖို့ လိုပါတယ်။ တိုက်ပွဲတွေ ရပ်တန့်နေတာ မြင်ချင်ပြီး ဒါဟာ ကျနော်တို့ရဲ့ အရေးကြီးဆုံး အလေးထားစရာကိစ္စပါ။ ဒီပြဿနာက အကဲဆတ်ပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ ကျနော်တို့ သတိထားနေဖို့ လိုတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများ နှိမ်နင်းရာတွင်လည်း မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကို ဧပြီ၃၀ရက်တွင် ခန့်အပ်ခဲ့သည်။