By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ရေးပစ်မှတ် သုံးနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၂ရက်၊ နံနက် ၁၀နာရီခန့်တွင် မြင်းမူမြို့နယ်၊ အာလကပ္ပကျေးရွာအနီးရှိ MK ဆီဆိုင်တွင် ကင်းယူနေသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး၊ ညနေ လေးနာရီခွဲခန့်တွင် ဒို့မြန်မာကျော်ဆီဆိုင် စစ်တပ်အထိုင်ချစခန်းကို ဗုံးသီး နှစ်လုံးနှင့် ညနေ ခြောက်နာရီခန့်တွင် ရေဦးဆီဆိုင်စခန်းကို ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu အဖွဲ့ထံက သိရသည်။
“ MK ကတော့ အထိုင်ချတာမဟုတ်ဘူးဗျ မြင်းမူ အထကတစ် ကနေ ကင်းထွက်ထွက်ယူတဲ့နေရာဗျ။ ရေဦးနဲ့ ဒို့မြန်မာကျော်ကတော့အထိုင်ချနေတာဗျ။ အထိုင်စခန်းချထားတဲ့နေရာတွေစိပ်တာ ၊ စကစ အင်အားအလွန် အကျွံသုံးတာကြောင့် လုပ်ရတာ အရမ်း အန္တရာယ်များတယ်။ အဲ့ကြားထဲကနေ လုပ်ရတာဗျ” ဟု People’s Knight Defense Force Myinmu အဖွဲ့တာဝန်ခံ ရဲဘော်အေးချမ်းက MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် ဒဏ်ရာရရှိသူများကို ၎င်းတို့အထိုင်ချတပ်စွဲထားသည့် နေရာများတွင်သာ ဆေးတပ်သားများနှင့် ဆေးကုပြီး သေဆုံးလျှင်လည်း ၎င်းတို့တပ်စွဲထားသည့် နေရာ၌သာ ကျင်းတူးမြေမြှုပ်သဖြင့် ထိခိုက်သေဆုံးမှုအရေအတွက်ကို မသိရှိရကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများတွင် စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ခြင်းမရှိကြောင်းနှင့် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။