By Wadi / MPA
မြင်းခြံမြို့နယ် ဆမခကျေးရွာရှိ ဆရာတော်ကားကို PDF များ ပစ်ခတ်တိုက်ခိုက်သဖြင့် ဆရာတော် ပျံလွန်တော်မူ ဆိုသည့် သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
ဇွန် ၂၃ ရက်၊ နံနက် ၁၁ နာရီတွင် Subscribers ၃၀,၀၀၀ ဝန်းကျင်ရှိသည့် Myanmar National Post တယ်လီဂရမ်ချန်နယ်က အဆိုပါအကြောင်း အရာကို ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေ ခဲ့သည်။ ထိုသတင်းအမှားကို “Naung Taw Lay”, “တောင်ပေါ်သား” နှင့် “ Saw Ba Maung” အမည်ရှိ တယ်လီဂရမ်ချန်နယ်များအပါအဝင် အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားလင့်ခ်များ >>>
https://archive.ph/R42gQ
https://archive.ph/wip/rYJwp
https://archive.ph/wip/nk68
စစ်ကောင်စီလော်ဘီဖြစ်သည့် Myanmar National Post ဝက်ဘ်ဆိုက်စာမျက်နှာတွင်လည်း ဆရာတော်ကို မြင်းခြံ အခြေစိုက် Black Tiger PDF အဖွဲ့က ပတ်ခတ်ခြင်းဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံ >>> https://shorturl.at/7QfQp
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည့် ဓာတ်ပုံကို Google Reverse Image Search အသုံးပြု၍ ရှာဖွေကြည့်သည့်အခါ Khit Thit Media တွင် သတင်းရေးထားသည်ကို တွေ့ရသည်။
Khit Thit Media Media တွင် “မြင်းခြံမြို့နယ်တွင် ဆခမကျေးရွာကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ၊ စစ်လော်ဘီများက PDF က ပစ်ခတ်သည်ဟု လိမ်လည်ပြန်” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသည်။
ဇွန် ၂၂ ရက်၊ ည ၉နာရီ ၃၀ မိနစ်တွင် မြင်းခြံမြို့နယ်၊ မြို့ပတ်လမ်း၊ မောင်ရင်မောင် နှင့် ဆခမ အကြားတွင် ကင်းပုန်းဝပ်နေသည့်စစ်တပ်က ဆခမကျောင်းဆရာတော် လိုက်ပါလာသော လူမှုကူညီရေးအသင်းကားကို ပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း၊ ဆရာတော်မှာ ကျေးရွာမှအရေးကြီးလူနာကို မြင်းခြံမြို့သို့ လာရောက်ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြင်းခြံအခြေစိုက် Myingyan Black Tiger PDF ( MBT ) အဖွဲ့ကလည်း ပစ်ခတ်မှုသည် မိမိတို့အဖွဲ့နှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ ယခုရက်ပိုင်းတွင် မြင်းခြံနှင့်နီးနီးကပ်ကပ်မရှိသလို စစ်ရေးလှုပ်ရှားမှုလည်း မရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။
သတင်းအပြည့်အစုံ >>> https://shorturl.at/HiLj7
Khit Thit Media တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် မြင်းခြံမြို့ ဆမခရွာကျောင်းဆရာတော် ပျံလွန်တော်မူကြောင်း ရေးသားထားသည့်အတွက် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသောအကြောင်းအရာသည် သတင်းမှားဖြစ်ကြောင်း သိနိုင်သည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်တစ်ပါးဖြစ်သည့် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့သည့်ကိုလည်း PDF များ ပစ်ခတ်ခဲ့သည်ဆိုပြီး သတင်းမှားဖော်ပြခဲ့သည်။
သတင်းအမှားများကို ရေးသားဖြန့်ဝေနေသော တယ်လီဂရမ်ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင်စီလော်ဘီချန်နယ်များဖြစ်ကြောင်း တွေ့ရပြီး နားလည်မှုလွဲမှားစေမည့် သတင်းအမှားများ ဖန်တီးရေးသားလေ့ရှိကြောင်း တွေ့ရသည်။
ယခုသတင်းအမှားသည် စစ်ကောင်စီပစ်ခတ်မှုကို PDF များ ပစ်ခတ်သည်ဟု စွပ်စွဲရေးသားထားသဖြင့် အခြေအနေအခင်းအကျင်းအမှား (False Content) အမျိုးအစားဖြစ်သည်။


