By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေသဖြင့် ဒေသခံသောင်းနှင့်ချီ ထွက်ပြေးနေရကြောင်း သိရသည်။
ဇွန်လ ၁၄ရက်က မိတ္တီလာဘက်မှ လာသည့် အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် မြင်းခြံမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျေးရွာ ၂၀ ဝန်းကျင်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းစစ်ကြောင်းသည် ဇွန်လ ၁၅ရက် ည ရှစ်နာရီခန့်မှစတင်ကာ ပျားကျေးရွာကို မီးရှို့နေကြောင်း ပျားကျေးရွာသား စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။
“ မနေ့ညက မီးစရှို့တာ။ ခုမနက်ထိ ရှို့နေတုန်းပဲ။ တစ်ရွာလုံးကုန်ဖို့များတယ်။ လူဦးရေ သောင်းကျော်လောက်လည်း စစ်ရှောင်နေရတယ်” ဟု ၎င်းကပြောသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့နံနက် ကိုးနာရီခွဲကျော်အထိ ပျားကျေးရွာတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ညောင်ဇင်ရွာနှင့် ပျားရွာတို့မှ ဒေသခံပြည်သူ ၂၀ကျော်ကို ဖမ်းဆီးထားပြီး ဇွန်လ ၁၅ရက်က ညောင်ဇင်ရွာမှ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်း ၎င်းကပြောသည်။
ယင်း စစ်ကြောင်းစတင်ဝင်ရောက်လာစဉ်ကတည်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ ပျားရွာအပါအဝင် စုစုပေါင်းကိုးရွာ မီးရှို့ခံထားရကြောင်း သိရသည်။