By Poe Sangle / MPA
စစ်ကောင်စီက လမ်းပိတ်ဆို့ဖျက်ဆီးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ ကွတ်ခိုင်နှင့် နမ္မတူမြို့တို့တွင် ကုန်ဈေးနှုန်း ထိုးတက်သွားကြောင်းသိရသည်။
ဇွန်လ ၁၃ ရက်တွင် လားရှိုးမြို့အဝင်လမ်းသုံးခုကို စစ်ကောင်စီက ဖျက်ဆီးခဲ့ခြင်းကြောင့် ကုန်စည်တင်သွင်းမှုလျော့ကျလာကာ ဇွန်၁၄ရက်မှစတင်ကာ သိန္နီနှင့် ကွတ်ခိုင်မြို့တို့၌ အခြေခံစားသောက်ကုန်ဈေး မြင့်တက်သွားကြောင်း ဒေသခံအချို့ထံက သိရသည်။
“အလုအယက် ဝယ်ထားကြတယ်။ ပထမတစ်ခေါက်အတွေ့အကြုံ တွေရှိထားတော့ အစားသောက်တွေ စုဆောင်းကြတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
ကွတ်ခိုင်မြို့တွင် ၈၈၁ ဆန်တစ်အိတ် ကျပ်တစ်သိန်း ရှစ်သောင်း၊ ၅၀၂ ဆန် တစ်အိတ် ကျပ်တစ်သိန်းခုနှစ်သောင်းနှင့် ဗမာဆန်အကောင်းစားတစ်အိတ်လျှင် ကျပ်သုံးသိန်း အထိရှိပြီး ပဲဆီ ဆယ်ပိဿာပုံး တစ်ပုံးလျှင် ကျပ်တစ်သိန်းရှစ်သောင်းနှင့် စက်သုံးဆီ တစ်လီတာလျှင် သုံးထောင်ငါးရာမှ ကျပ်ငါးထောင်အထိ ဈေးမြင့်တက်လာသည်။
စစ်ကောင်စီ လမ်းမပိတ်ဆို့မီက ကွတ်ခိုင်မြို့တွင် ဆန်ဈေး ကျပ်တစ်သိန်းသုံးသောင်းမှ ကျပ်တစ်သိန်းလေးသောင်းအထိသာ ရှိသည်။
ဒေသခံအချို့သည် ဆန်၊ ဆီ၊ ဆား ဝယ်နိုင်ရန်အတွက် တောင်ပေါ်ဒေသထွက် မှိုနီကိုကောက်ကာ တစ်ပိဿာကို ကျပ်ငါးသောင်းဖြင့် ပြန်လည်ရောင်းချနေကြောင်း ၎င်းက ပြောသည်။
ကွတ်ခိုင်မြို့သည် တအာင်းတပ်မတော် TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ ဖြစ်သည်။
အလားတူ ဇွန်လ ၁၂ ရက်က သီပေါမြို့နယ်အတွင်းရှိ သီပေါ-နမ္မတူ လမ်းမကြီးတစ်နေရာပေါ်တွင် စစ်တပ်က ကန့်လန့်ဖြတ် မြောင်းသဖွယ်ဖောက်ကာ ကားနှင့်ဆိုင်ကယ်တို့ သွား၍မရအောင် ဖျက် ဆီးလိုက်ပြီးနောက် နမ္မတူမြို့၌လည်း ကုန်ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
“သီပေါလမ်းပိတ်ထားတော့ ပစ္စည်းတွေလည်း သိပ်မရှိတော့ဘူး။ ကုန်ဈေးနှုန်းလည်း တက်ကုန်ပြီ။ ဓာတ်ဆီတောင် အကန့်အသတ်ပဲရတော့တယ်။ ပါဆယ်မရတော့ဘူး” ဟု နမ္မတူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ လမ်းမဖျက်ဆီးခင်က နမ္မတူမြို့တွင် ဆန်တစ်အိတ် တစ်အိတ်လျှင် ကျပ်တစ်သိန်းသုံးသောင်း၊ စားအုန်းဆီ ၁၀ပိဿာတစ်ပုံးလျှင် ကျပ်တစ်သိန်းတစ်သောင်းသာ ရှိခဲ့ပြီး ယခုအခါ ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲနှင့် စားအုန်းဆီ ၁၀ပိဿာတစ်ပုံးလျှင် ကျပ်တစ်သိန်း သုံးသောင်းထိ ဈေးထိုးတက်သွားကြောင်းသိရသည်။