ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၂၀ရပ်ကွက်ရှိ ကျူးကျော်နေအိမ်များ လျှပ်စစ်မီးလိုချင်ပါက ငွေကျပ် နှစ်သိန်းခွဲပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း-YESC လက်အောက်ခံ ဝန်ထမ်းများက ငွေကျပ် နှစ်သိန်းခွဲပေးရန် တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ ၂၀ရပ်ကွက်၊ ပေါ်တော်မှုလမ်းတွင် ကျူးကျော်နေအိမ်များ များသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ၂၀၂၄ခုနှစ်၊ မေ ၁၆ရက်မှစတင်ကာ မီးမပေးတော့သည့်အတွက် YESC ရုံးသို့သွားရောက်မေးမြန်းရာမှ အထက်ပါကိစ္စ ဖြစ်ပွားခဲ့သည်ကို သိရှိရခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦးကရှင်းပြသည်။
“ မေ ၁၅ရက်နေ့ထိ အခြားလမ်းတွေနဲ့အတူ မီးလာတယ်။ ၁၆ရက်နေ့နဲ့ ၁၇ရက်နေ့ထိ အခြားလမ်းတွေ မီးမလာလို့ ၁၉ရက်နေ့မှာ လျှပ်စစ်ရုံးသွားမေးကြည့်တော့မှ လမ်းထဲမှာ ကျူးကျော်နေအိမ်တွေများလို့ မီးမပေးတာလို့ပြောတယ်။ မီးလာခြင်ရင် ကျူးကျော်အိမ်တွေ တစ်အိမ်ကို နှစ်သိန်းခွဲပေးရမယ်လို့ပြောတာ၊ ကျတော်တို့လမ်းမှာက ကျူးကျော်အိမ် ၅၀လောက်တော့ရှိတယ်” ဟု ပေါ်တော်မူလမ်းနေ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်း ရပ်ကွက်အလိုက် မီးလာချိန်နှင့် မီးပြတ်ချိန် တူညီမှု မရှိသည့်အပြင် ကျူးကျော်များသည့် လမ်းများ၌ လျှပ်စစ်မီးပိုမိုပြတ်တောက်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အရင်က တစ်ရက်ကို မီးခ ၅၀၀ပေးပြီး မီးဝယ်လို့ရတဲ့ အိမ်တွေရှိတယ်။ အဲ့ဒီအိမ်တွေက မီးစက်နဲ့ပေးတာရှိသလို လျှပ်စစ်မီးကို ပြန်ခွဲပြီး ရောင်းတဲ့အိမ်တွေလဲရှိတယ်။ အခုက ဆီစျေးကြီးတဲ့အပြင် မီးကမမှန်တော့ အဲ့ဒီအိမ်တွေလည်း မီးပေးတဲ့ အလုပ်ကိုမလုပ်ကြတော့ ကျတော်တို့ ဒုက္ခရောက်တယ်” ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျူးကျော်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ရွှေပြည်သာမြို့နယ်အတွင်း မီးစက်သို့မဟုတ် လျှပ်စစ်မီးဖြင့် မီးရောင်းချသည့် နေအိမ်များသည် ၂၀၂ခုနှစ်၊ ဇွန်လအထိ ယင်းလုပ်ငန်းများကို လုပ်ကိုင်သော်လည်း နောက်ပိုင်း၌ စက်သုံးဆီစျေးမြင့်တက်ခြင်း၊ လျှပ်စစ်မီးပုံမှန်မလာခြင်းနှင့် မီတာခများစျေးမြင့်တက်လာမှုကြောင့် အချိန်ပိုင်းမီးရောင်းချသည့် လုပ်ငန်းများ နည်းပါးလာသည်ဟု ရွှေပြည်သာမြို့နယ်တွင် မီးစက်ဖြင့် လျှပ်စစ်မီးရောင်းချသူတစ်ဦးက ရှင်းပြသည်။
“ ၂၀၁၈ လောက်ကစပြီးတော့ မီးစက်နဲ့မီးပေးတယ်။ ဓာတ်ဆီစျေးက အရမ်းစျေးမကြီးတော့ တစ်ညကို ကျပ် ၁၅၀လောက်ပဲတောင်းတယ်။ ကိုဗစ်မှာတော့ ၃၀၀လောက်ဖြစ်သွားတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ဆီစျေးက အရမ်းတက်လာတော့ ၅၀၀လောက်ထိစျေးတိုးတောင်းတဲ့အခါ မီးဆက်မယူနိုင်တဲ့သူတွေများလာတယ်။ အခု ဓာတ်ဆီစျေးက ဆက်တက်နေတော့ စီးပွားရေးကို ရပ်နားလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိပြီး လျှပ်စစ်ဝန်ထမ်းများကလည်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ပြည်သူများထံမှ ငွေတောင်းခံမှုများကို မကြာခဏပြုလုပ်လျက်ရှိသည်။