ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် စစ်မှုထမ်းရန်မဲပေါက်သူများထွက်ပြေးခြင်းကြောင့် အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ပိုက်ဆံကောက်ခံကာ လူစားထိုးငှားရမ်းနေရကြောင်း ဒေသခံပြည်သူများထံမှ မေ ၂၃ ရက်တွင် စုံစမ်းသိရသည်။
စစ်မှုထမ်းဥပဒေ ဒုတိယအသုတ်အဖြစ် စတင်ခေါ်ယူနေချိန်တွင် စစ်မှုထမ်းရန်မဲပေါက်သူများ ထွက်ပြေးမှုများရှိနေသဖြင့် အုပ်ချုပ်ရေးမှူးများမှတစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ်တစ်သောင်းကောက်ခံကာ လူစားထိုးငှားရမ်းနေရခြင်းများရှိသလို အချို့ကျေးရွာများတွင် မဲမနှိုက်တော့ဘဲ လူစားထိုးငှားရမ်းခြင်းများပြုလုပ်နေကြောင်း သိရသည်။
“ကျမတို့ရွာမှာ ပထမအကြိမ်စစ်မှုထမ်းဖို့စခေါ်ကတည်းက မဲပေါက်တဲ့သူက ထွက်ပြေးတော့ ခုဒုတိယအသုတ်ခေါ်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးက မဲမနှိုက်တော့ဘဲ တစ်အိမ်ကို တစ်သောင်းကောက်တယ်။ ရတဲ့ပိုက်ဆံနဲ့သူတို့ဘာသာသူတို့ လူစားထိုးငှားရမ်းပြီးပို့မယ်လို့ပြောတယ်” ဟု ရေကြည်မြို့နယ်၊ ကျုံမရမ်းအုပ်စုတွင်နေထိုင်သည့် ဒေသခံတစ်ဦးက MPA ကိုပြောသည်။
ထိုသို့ လူစားထိုးငှားရမ်းမှုသည် တစ်ဉီးလျှင် အနည်းဆုံး ငွေကျပ် ၁၅ သိန်းမှ သိန်း ၅၀ ၊ သိန်း ၁၀၀ အထိပေးကာ ငှားရမ်းနေရပြီး ကျေးရွာတစ်ရွာလျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်ပေးပို့ရကြောင်း ဒေသခံများကဆိုသည်။
“ရွာမှာကတော့ အိမ်ထောင်စုတစ်စုကို လေးသောင်းကောက်တယ်။ လူငှားရမ်းဖို့ပေါ့။ အုပ်ချုပ်ရေးမှူးတွေလဲ အမုန်းမခံနိုင်တော့ဘူး။ လူငှားခက သိန်း ၅၀ ပေးရတယ်ပြောတယ် ။ ပိုက်ဆံပေးငှားရမ်းလို့ရတဲ့သူကိုပဲ စစ်မှုထမ်းဖို့စေလွှတ်တယ်” ဟု ရေကြည်မြို့နယ် ဇရပ်ကျေးရွာအုပ်စုတွင်နေထိုင်သည့် ဒေသခံတစ်ဦးကရှင်းပြသည်။
ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင် အလားတူ စစ်မှုထမ်းရန် ငွေပေးငှားရမ်းမှုများရှိနေကြောင်း သိရသည်။
“ရွာမှာဆိုရင် အသက်ပြည့်တဲ့ ကောင်လေးတစ်ယောက်က သူသွားမယ်။ သူ့ကို ပိုက်ဆံ သိန်း ၅၀ ပေးဆိုပြီးတောင်းတယ်။ တောင်းတော့အုပ်ချုပ်ရေးအဖွဲ့တွေက ရွာထဲမှာ ပိုက်ဆံလိုက်ကောက်တယ်။ တစ်အိမ်ကိုသုံးသောင်းနှုန်းနဲ့လိုက်ကောက်ပြီး သိန်း ၆၀ ကျော်ရတယ်။ အဲ့ဒါကိုပေးပြီး စစ်မှုထမ်းဖို့ လွှတ်လိုက်တယ်” ဟု ကျုံပျော်မြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ပြီးနောက် မတ်လကုန်ပိုင်းတွင် စစ်မှုထမ်းပထမအသုတ်အဖြစ် လူစုဆောင်းမှုဆောင်းများလုပ်ဆောင်ကာ သင်တန်းပေးပို့ခဲ့ပြီးနောက် ယခုမေလတွင်း စစ်မှုထမ်းဒုတိယအသုတ်အဖြစ် လူစုဆောင်းမှုများထပ်မံလုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။