မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း တံတားတစ်စင်း မိုင်းခွဲခံရပြီးနောက် မော်လမြိုင်မြို့ပေါ်၌ စက်သုံးဆီပြတ်မည်ကို စိုးရိမ်ကာ အလုအယက်ဝယ်ယူနေကြကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမ ပေါ်ရှိ မစောတံတားမှာ ယနေ့ (မေ ၂၃ ရက်) နံနက် လေးနာရီကျော်က မိုင်းခွဲခံရပြီးနောက် မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ၌ ဒေသခံများ အလုအယက် တန်းစီဝယ်ယူနေကြခြင်းဖြစ် ကြောင်း မော်လမြိုင်မြို့ခံအချို့ထံက သိရသည်။
“တံတားကျိုးတော့ ဆီက ရန်ကုန်ကနေလာတာဆိုတော့ ပြည်သူတွေလည်း အတွေ့အကြုံအရ ဒါ ဖြစ်ရင် ဒီလိုဖြစ်နိုင်တယ်ဆိုတာ သိပြီး ကိုယ့်လက်ထဲ ဆီပြတ်မှာစိုးလို့ ကြိုဝယ်ရင်း ဒီနေ့ အလုအ ယက် တန်းစီနေကြတာ” ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ ပြည်သူတစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ အလုအယက် တန်းစီနေကြခြင်းကြောင့် တရားဝင်ဆီဆိုင်ကြီးအချို့ အရောင်းပိတ်လိုက် ကြောင်း သိရသည်။
“ပန့်ဆိုင်ကြီးတချို့က ဆိုင်ပိတ်ပြီးအပြင်မှာ ရည်ညွှန်းဈေးထက် တစ်လီတာ ၃၀၀(ကျပ်) ကျော်ဈေး ပိုပြီး ဆိုင်ငယ်တွေကိုမှောင်ခိုပြန်ရောင်းကြတယ်” ဟု မော်လမြိုင်စက်သုံးဆီဆိုင်အချို့နှင့် နီးစပ်သူ ဆိုင်ကယ်တက္ကစီသမားတစ်ဦးကပြောသည်။
မီးစက်သုံးရန်အတွက် ပုံးဆွဲဝယ်သူများကို ဆီဆိုင်ကြီးများတွင် ရောင်းချပေးခြင်းမရှိသဖြင့် ဆီဆိုင် ငယ်များ၌ ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူကြရကြောင်း သိရသည်။
“ဒီနေ့ ဆီဆိုင်တွေမှာ တိုးနေတာက ကားတွေ၊ ဆိုင်ကယ်တွေ ဓာတ်ဆီ အဓိက ဝယ်ကြတာ။ ကျတော်တို့ဆီမှာ ဆိုင်ကယ်များတော့ ဆိုင်ကယ်တွေ အလုအယက် တန်းစီကြတယ်။အကုန်လုံးက ကြက်ယက်သလို ရှာစားရတဲ့ ခေတ်ကြီးမှာ ဖြစ်နိုင်ရင် မှောင်ခိုလည်း မဝယ်ချင်ဘူးလေ” ဟု ၎င်းက ပြောသည်။
ယနေ့(မေလ၂၃ရက်) မော်လမြိုင်မြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးမှာ 92 တစ်လီတာ ၂၇၀၅ကျပ်နှင့် 95တစ်လီတာ ၂၈၃၀ကျပ် ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ပျမ်းမျှအားဖြင့် ကျပ်၅၀၀ကျော် ပိုမြင့်သည်။
မစောတံတား ကျိုးနေသည်ကို မသိဘဲ မောင်းနှင်လာသော ဆိုင်ကယ် သုံးစီးမှာ တံတားအောက်သို့ ပြုတ်ကျခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း သထုံမြို့နယ်၊သိမ်ဆိပ်နေ ပြည်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ၁၁ရက်ကလည်း ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ် တံတား မိုင်းခွဲခံခဲ့ရခြင်းကြောင့် ယခုအချိန်ထိ ယာယီမြေသားလမ်းပေါ်မှသာ ယာဉ်များ ဖြတ်သန်းသွားလာနေရသည်။