စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စိုးမိုးထားသည့် ကျေးရွာအချို့ရှိ အမျိုးသားများကို အဓမ္မမဲနှိုက်စေကာ ပျူစောထီး စစ်သင်တန်းပေးနေကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ သင်ပန်းတောနှင့် စန္ဒယားကျေးရွာရှိ အမျိုးသား ၁၅၀ခန့်စီကို ယခုလ အတွင်း ပျူစောထီး စစ်သင်တန်းတက်ရောက်စေခဲ့ပြီး ကျောက်တိုင်နှင့်အင်ကြင်းစုကျေးရွာမှ အမျိုး သားတို့ကို ပျူစောထီးသင်တန်းပေးရန် စာရင်းကောက်နေကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ဒီရွာတွေက သူတို့(စစ်ကောင်စီ) ရဲ့ စိုးမိုးမှု နယ်မြေမှာရှိတဲ့ ရွာတွေပါ။အရင်က ပျူမထွက်ဘူး။ ဒီအတိုင်း ကာကွယ်ရေးအဖွဲ့တွေထဲ မ၀င်နိုင်တာပဲ ရှိတာ။ အခု စစ်မှုထမ်းဥပဒေ ထုတ်ပြီးတဲ့ အချိန် မှာ အတင်းမဲနှိုက်ပြီး ခေါ်တာ” ဟု ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ Infinity Group မှအဖွဲ့၀င်တစ်ဦးက MPAသို့ ပြောသည်။
ယင်းရွာများအတွင်းရှိ အသက်၁၈နှစ်ဝန်းကျင်မှ အသက်၆၀ ဝန်းကျင်အထိ အမျိုးသားများကို အဓမ္မ မဲနှိုက်စေကာ စစ်သင်တန်းပေးခြင်းဖြစ်ပြီး စန္ဒယားရွာ ပျူသင်တန်းမှာ မေလ၁၉ရက်က ပြီးစီးခဲ့ကာသင်ပန်းတောရွာ ပျူသင်တန်းမှာမူ မေလ၂၂ရက်က ပြီးစီးခဲ့ကြောင်း သိရသည်။
“ အခုက ပျူသင်တန်းမတက်ချင်လို့ မြို့ပေါ်တက်တဲ့ လူငယ်တွေကိုလည်း ပျူဂိတ်တွေကနေ ပြန်လွှတ်တယ်။ သူတို့ နယ်မြေကနေ ဘယ်ကိုမှ ပေးမထွက်တော့ဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။
ပျူစောထီးသင်တန်းစရိတ်အဖြစ် ယင်းရွာများရှိအိမ်များကို တစ်အိမ်လျှင် ကျပ်၅၀,၀၀၀ ကောက် ကြောင်းလည်း သိရသည်။
“ အရင်က ကန့်ဘလူ ပျူခေါင်းဆောင် ဘုန်းကြီး ဝါသ၀ရဲ့ မှော်တော အနီးက ကျေးရွာတွေကို တစ်လ ၃၀၀,၀၀၀ဆိုပြီး ကောက်တယ်။အခုကျ ပျူသင်တန်းပေးဖို့ စာရင်းကောက်ရင်း တစ်အိမ်ကို ၅၀,၀၀၀ကို ကောက်သွားတာ” ဟု ၎င်းက ပြောသည်။
သင်ပန်းတောရွာ၊ စန္ဒယားရွာနှင့် ကျောက်တိုင်ရွာတို့မှာ ပျူခေါင်းဆောင် ဘုန်းကြီး ဝါသ၀ နေထိုင်ရာ မှော်တောရွာနှင့် နီးပြီး အင်ကြင်းစုကျေးရွာမှာ ကန့်ဘလူ ၆၀၀၆ အမြောက်တပ်နှင့် နီးသည်။
“ ကန့်ဘလူက ပျူစောထီး ရွာတွေများတယ်။ ပျူရွာနဲ့ နီးတဲ့သူတွေက အဲလို အတင်း ပျူသင်တန်း တက်ခိုင်းမှာ ကြောက်လို့ ထွက်ပြေးကြတယ်။ ၆၀ ရာခိုင်နှုန်းလောက်က ထွက်ပြေးကြပါတယ်။ ဒါပေမဲ့ လူငယ်တွေ၊ယောက်ျားသားတွေဆို ပိုကျပ်တယ်” ဟု ကန့်ဘလူမြို့နယ်အခြေစိုက်PDF ရဲဘော်တစ်ဦးကပြောသည်။
ကန့်ဘလူ မြို့နယ်အတွင်း ပျူခေါင်းဆောင် ဘုန်းကြီး ဝါသ၀ ဦးဆောင်သော ပျူစောထီး အင်အား ၂၀၀၀ နီးပါးရှိပြီး ထက်၀က်ကျော်မှာ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ ပျူသင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခြင်း ခံထားရကြောင်း သိရသည်။