ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်း စာရင်းတွင်ပါဝင်သည့် လူငယ်များသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ကုန်သဖြင့် လူစားထိုးနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံများထံမှ ကျပ် သိန်း ၆၀ တောင်းခံကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၂၀ရက်၊ နံနက် ၉နာရီတွင် စခန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက အစည်းဝေးခေါပြီးနောက် ရွာ၌ စစ်မှုထမ်းရန် လူငယ်များ မရှိတော့သဖြင့် အစားထိုးစေလွှတ်မည့်သူအတွက် ပိုက်ဆံတောင်းခံခြင်းဖြစ်ကြောင်း အစည်းဝေးတက်ရောက်ခဲ့သည့် ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
“ လူစားဝင်ပေးမဲ့သူအတွက် တစ်အိမ်ကို အနည်းဆုံး နှစ်သောင်းတောင်းတယ်။ တစ်ချို့တက်နိုင်တဲ့သူတွေက ပိုပေးရ တယ်။ ရွာမှာက လူငယ်တွေမရှိတော့ဘူး။ ပြေးတဲ့သူကပြေး နိုင်ငံခြားသွားတဲ့သူက သွားနဲ့ဆိုတော့လေ” ဟု ၎င်းက ရှင်းပြသည်။
စခန်းကြီးကျေးရွာသည် အိမ်ခြေ ၁၀၀၀ကျော်ရှိပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် လူဦးရေ ၂၀၀ကျော်ရှိကာ သုံးလတစ်ကြိမ် လူတစ်ယောက်နှုန်းဖြင့် ခေါ်ယူနေခြင်းဖြစ်သည်ဟု ကျေးရွာဒေသခံက ဆက်လက်ပြောသည်။
“ အခုပိုက်ဆံပေးပြီး အစားထိုးစစ်မှုထမ်းမဲ့ လူငယ်က သူ့ဆန္ဒနဲ့သူသွားတာထင်တယ်။ သူရတဲ့ သိန်း ၆၀ထဲက သိန်း ၃၀ ကို ဘုန်ကြီးကျောင်းမှာ လှူတယ်။ ကျန်တဲ့ သိန်း ၃၀ ကို သူ့မိန်းမကိုပေးသွားတယ်လို့ သိရတယ်” ဟု ကျေးရွာဒေသခံက ပြောသည်။
လက်ရှိကာလသည် မိုးတွင်းသို့ရောက်ရှိတော့မည်ဖြစ်သဖြင့် စစ်သားအင်အား နည်းပါးနေသည့် စစ်ကောင်စီက တပ်သားသစ်များ အလျင်အမြန်စုဆောင်းနေခြင်းဖြစ်သည့်အပြင် စစ်သင်တန်းပေးရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း Paungde People Defense Force-PPDF မှ ရဲဘော်တစ်ဦးက သုံးသပ်သည်။
“ မိုးတွင်းကာလမှာဆို သူတို့ စစ်ကြောင်းထိုးလို့ အဆင်မပြေဘူး။ ကျတော်တို့ဘက်ကလည်း ထိုးစစ်ဆင်ဖို့မလွယ်ဘူး။ အဲ့ဒီလိုအခြေအနေတွေကြောင့် စစ်သားအင်အားနည်းပါးနေတာကို ဖြည့်တင်းဖို့ စစ်တပ်က လူစုပြီး သင်တန်းပေးဖို့ အကောင်းဆုံးအချိန်ပဲလေ ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စခန်းကြီးရွာမှ လူငယ်တစ်ဦးသည် ပထမအကြိမ်အဖြစ် စစ်မှုထမ်းရန် ဆင့်ခေါ်ခံခဲ့ရကြောင်းလည်း သိရသည်။
လက်ရှိ လှည်းကူးမြို့နယ်အတွင်း စစ်မှုထမ်းရန် စုဆောင်းခံရသူ အရေအတွက်သည် ၂၀၀ကျော်ခန့်ရှိကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့-BACSက ၂၀၂၄ခုနှစ်၊ ဧပြီ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးနောက် မတ်လမှ စတင်ကာ ပထမအကြိမ် စစ်သားစုဆောင်းခဲ့ပြီး၊ မေလ၌ ဒုတိယအကြိမ် စစ်သားသစ်များ ထပ်မံစုဆောင်းနေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီက စစ်သားစုဆောင်းမှု နှစ်ကြိမ်အတွင်း တပ်သားအသစ် ၁၀၀၀၀ခန့်ရှိပြီဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြထားသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ စစ်သားသစ် စုဆောင်းခြင်းကို ပါဝင်လိုခြင်းမရှိသည့် လူငယ်အချို့သည် အိမ်နီးခြင်းနိုင်ငံများ သို့ တရားဝင်လမ်း သို့မဟုတ် တရားမဝင်လမ်းများမှ သွားရောက်မှုများရှိနေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်မှုများလည်းရှိနေကြောင်း သတင်းအချက်အလက်များအရသိရသည်။