တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်ကောင်စီက မေ ၂၂ ရက်၊ နေ့လယ်တစ်နာရီအချိန်ခန့်တွင် ရဟတ်ယာဥ်ဖြင့်သုံးကြိမ်၊ စစ်ကူအင်အား(၁၀၀)ကျော်ဖြည့်တင်းခဲ့ပြီး မြို့ပေါ်နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
တွန်းဇံမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်းများကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ် (CDF) မဟာမိတ်ပူးပေါင်းတပ်များက မေ ၁၆ ရက်တွင် စတင်တိုက်ခိုက်၍ စခန်းအများအပြားသိမ်းဆည်းရမိချိန်တွင် စစ်ရှုံးနေသောစစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြားအသုံးပြုသည့်အပြင် စစ်ကူအင်အားများပါ ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
“ သူတို့(စကစ)လာချတဲ့လူတွေက စစ်ပြန်လမ်းမှာချထားတယ်။ အဲ့ဒီလူတွေက စစ်ကြောင်းသဘောနဲ့ထိုးပြီးမှ ဒီမနက်မှာမြို့ပေါ်ကနေအိမ်နှစ်လုံးကို မီးရှို့တယ်။ စပြီးတော့ မီးရှို့တာပေါ့” ဟု ၎င်းက MPA ကိုပြောသည်။
စစ်ကောင်စီက စစ်ကူအင်အားလာရောက်ဖြည့်တင်းသည့်အချိန်တွင်လည်း တွန်းဇံမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မြို့အနီးစစ်ရှောင်နေသော ပြည်သူအချို့ကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့တိုက်ပွဲအခြေအနေများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ(၁၅)ရွာမှ ဒေသခံအများအပြား ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အနွေးအထည်နှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိနေသည်။
“ မနေ့က ဆေးဝါးမလုံလောက်လို့ စစ်ရှောင်တစ်ဦးသေတယ်။ တောထဲမှာမိုးတွေလည်းမိပြီး ငှက်ဖျားပြန်ထတာ။ တွန်းဇံဘက်မှာလည်း ဆေးကကုလို့မရတော့ ကလေးဘက်ကိုသွားကုတာမှာ လမ်းမှာဆုံးသွားတာခင်ဗျ” ဟု တွန်းဇံမြို့ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
စစ်ဘေးရှောင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တတ်နိုင်သမျှအကူအညီများပေးနေသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO နှင့် အလှူရှင်များ၏ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
လက်ရှိအချိန်အထိ တွန်းဇံမြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲအတွင်း ရန်သူ့သေနတ်အလက်(၅၀)နှင့် ငွေသားကျပ်သိန်းပေါင်း သုံးထောင်ကျော်သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)၏ အရာရှိတစ်ဦးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့ကတင်ခဲ့သော်လည်း ပြန်လည်ဖြုတ်ချသွားခဲ့သည်။