ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
ယနေ့(ဧပြီ၂၀ရက်)နံနက် ၁နာရီ ခန့်မှ စတင်ခဲ့သည့် မြဝတီ အမှတ်- ၂ တံတား အနီး ကုန်သွယ်ရေးဝင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏တိုက်ပွဲသည် ယနေ့နံနက် ၉နာရီဝန်းကျင်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့၊ရေပူရွာသားတစ်ဦးက ပြောသည်။
“ မနေ့ညကတည်းက ဗုံးသံတွေကြားနေရတာပေါ့။ဒီနေ့မနက်ကျတော့ လေယာဉ်လာပြီး ပစ်သွားတာ။လေယာဉ်နဲ့ ဗုံးကြဲတာက မြဝတီအမှတ် ၂တံတားနားကိုပါ။ရေပူရွာဘက်ကသူတွေကတော့ ထိုင်း၊မဲဆောက်ဘက်ကို မနက်အစောပိုင်းထဲက ပြေးကြတာပေါ့။ အခုမနက် ၈နာရီလောက်ကျတော့ ထိုင်းဘက်က ပေးမဝင်တော့ဘူး။စစ်သားတွေရော၊တောမောင်း(ထိုင်းလဝက)တွေရော ရောက်နေလို့ ရွာထဲမနေဘဲ ဘေးလွတ်ရာမှာ နေနေကြတာပါ။သောင်ရင်းမြစ် ကမ်းဘေးမှာ လူခွဲပြီးနေနေကြတာပေါ့” ဟု ၎င်းက ပြောသည်။
မြဝတီမြို့၊အမှတ်- ၂တံတား အနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ၉ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ လေယာဉ်က ဒီနေ့မနက် ၅နာရီထိုးခါနီးလောက်လာတာ။မနက် ၅နာရီ ၁၀မိနစ်လောက်က အမှတ် ၂တံတားနားကို လေယာဉ်နဲ့ ဗုံး ၇လုံးကြဲသွားတယ်။ပြီးတော့ ၈နာရီထိုးခါနီးလောက်မှာ ၂လုံးထပ်ကြဲတယ်။အမှတ် ၂တံတားနားကိုပဲပေါ့” ဟု ၎င်းက ပြောသည်။
ယနေ့နံနက် ၈နာရီ မိနစ်၂၀ ခန့်မှစတင်ပြီး မြဝတီမြို့ ၅ ရပ်ကွက်၊ရေပူရပ်နှင့် ဆီဆိုင်လမ်းဆုံအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု မိနစ် ၂၀ကြာ ဖြစ်ပွားခဲ့ကြောင်းလည်း မြဝတီမြို့နေ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
“ မနက် ၈နာရီကျော်လောက်က မြန်မာ တံတား- ၂ဘက်ခြမ်းကနေ လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ဇိုက်ဇုန်၊ ၁၂ ဂိတ်နားကို လက်နက်ကြီးကျတယ်။ဗိုလ်မှုးသာထွေးလမ်းထဲကျတာ။ အမျိုးသမီးကြီး တစ်ဦးထိသွားတယ်။ အိမ်နောက်ဖေးကို ကျတာ။ဒေသခံတွေလည်း အကုန်ပြေးပြီ။၁၃ဂိတ်နဲ့ ၁၄ဂိတ်ဘက်လည်း အခြေအနေမကောင်းဘူး။ ၁၃ဂိတ်ဘက်မှာ ပြည်သူတွေ မြို့ထဲမဝင်ဖို့ လက် နက်ကိုင်တပ်ဖွဲ့တွေ ပြောဆိုနေတာမျိုးရှိတယ်။ မြဝတီမြို့ထဲကို ဝင်တဲ့ သံတံတားကို တကယ်ပိတ်လိုက်ပါပြီ” ဟု ၎င်းက ပြောသည်။
စစ်ရှောင်ပြည်သူများသည် ကံဆင့်မြိုင်လမ်းနှင့် သစ်တစ်ပင်လမ်းဘက်မှ ဖြတ်သန်းသွားလာနေကြသလို အန်ကယ်ကြီး ကစားကွင်း အနောက်လမ်းမှ အာရှလမ်းမကြီးပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများလည်း ရှိကြောင်း မြဝတီမြို့ရှိ MPA သတင်းရင်းမြစ်က ပြောသည်။
“ မြဝတီ ပတ္တမြားဆီဆိုင် ထိပ်ကနေ ၁၂ဂိတ်၊ဝါးတော့၊ဝါးစကင်း၊၈ဂိတ်၊၁၃ဂိတ်နဲ့ ၁၄ဂိတ်အထိအကုန်ပြေးနေရတာ။ ပြည်သူအကုန်ပြောင်းရွှေ့ရတယ်။ အခုတော့ ပြည်သူတွေ ၁၄ဂိတ်နားက ငြိမ်းချမ်းရေး ဘုန်းကြီးကျောင်း ထဲကို ပြောင်းရွှေ့နေကြတယ်” ဟု ၎င်းက ပြောသည်။
ယနေ့နံနက် ၁၀နာရီ ၂၄မိနစ်အထိ မြဝတီမြို့ပေါ်တွင် စစ်ကောင်စီလေယာဉ်ပျံဝဲနေသေးကြောင်း မြဝတီမြို့ရှိ MPAသတင်းရင်းမြစ်က ပြောကြားပြီးနောက် ၎င်းနှင့် အဆက်အသွယ် ထပ်မရတော့ပေ။
အမှတ်(၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ယနေ့နံနက်ပိုင်းအထိ ဖွင့်လှစ်ထားပြီး မြဝတီမြို့မှ မဲဆောက်သို့ စစ်ရှောင်လိုသူများအနေဖြင့် လက်ဝတ်တန်ဆာများကို တပါတည်း ဝတ်ဆင်သင့်ကြောင်း ထုပ်ပိုးသယ်ဆောင်ပါက စစ်ဆေးမေးမြန်းခံရပြီး အခွန်ဆောင်ရကြောင်း မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်သူများထံက သိရသည်။