မန္တလေးတိုင်း၊နွားထိုးမြို့နယ်အတွင်းရှိ တရုတ်ဂက်စ်ပိုက်လိုင်းထိန်းချုပ်ရုံစောင့်စစ်သားများကို ဒေသတွင်း PDF တပ်ဖွဲ့ က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
မေလ ၇ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် နွားထိုးကြီးမြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ လုံခြုံရေးစစ်သား ၃၀ ခန့်ရှိသည့် တရုတ်ဂက်စ်ပိုက်လိုင်းထိန်းချုပ်ရုံကို လက်နက်ကြီး၃လုံး အပြင် လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Natogyi Guerrilla Force -NGFက သတင်းထုတ်ပြန်ထားသည်။
“အဲ့ဝန်းက အကျယ်ကြီးပဲဗျ။အဲ့အထဲမှာ ညကင်းစောင့်နေတာ စစ်သားတွေ။၆၀ မမ နဲ့အရင်ပစ်တာ။ဝန်းထဲကိုဗုံးသီးကျတယ်။ရုံကို တစ်ချက်ပဲထိတယ်။သူတို့က အထဲကနေပြန်ပစ်တာမှာ ကျနော်တို့ကလည်း လက်နက်ငယ်တွေပြန်ပစ်တာ။၃မိနစ်လောက်ကြာမယ်။စစ်ကူတွေရောက်လာတာနဲ့ကျနော်တို့ပြန်ဆုတ်လာခဲ့တာ။၆၀ နဲ့ပစ်ချိန် ထိခိုက်သေဆုံးဖို့များတယ်”ဟု Natogyi Guerrilla Force-NGF တာဝန်ခံ ဗိုလ်ဇေယျ ကပြောသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် နွားထိုးကြီးမြို့ပေါ်မှနေ၍ စစ်သား ၂၀ ခန့်ရောက်ရှိလာပြီး စစ်သားအလောင်းများနှင့်ဒဏ်ရာရရှိသူများကို နွားထိုးကြီးမြို့မဆေးရုံသို့သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရရှိမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။