မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရွှေလှံကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် PDF ပူးပေါင်း တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၄ဦးသေဆုံးကြောင်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်နေ့မှစ၍ မြစ်ဆုံကျေးရွာမှ ရွှေလှံကျေးရွာသို့ဝင်လာသော အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၂၇ရက်နေ့ နေ့လယ် ၁၂နာရီခန့်က PDFတပ်ဖွဲ့များမှ သွားရောက် တိုက်ခိုက် ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄နာရီခန့်ကြာမြင့်ခဲ့ပြီး၊ စစ်သား ၄ဦးသေဆုံးကာ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tigerအဖွဲ့က သတင်းထုတ်ပြန်သည်။
” စစ်သားတွေ ရွာထဲဝင်ဖို့ အလုပ် ရွာအရှေ့ဘက်က ထန်းတောထဲမှာ ကျနော်တို့က စစ်ကြောင်း ၃ကြောင်းနဲ့ ပိတ်ဆို့ပြီး၊ လိုက်ပြီးတိုက်တဲ့အချိန် Battleဖြစ်ပွားခဲ့တာ” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPAသို့ ပြောသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းကို “ ပ” ပုံစံဗျူဟာအသုံးပြုပြီး၊PDF များက စစ်ကြောင်း သုံးကြောင်းခွဲတိုက်ခိုက်ခဲ့ သော်လည်း၊ စစ်ကောင်စီတပ်က ကြိုတင်နေရာယူထားသဖြင့် PDF ရဲဘော်အချို့ ၅နာရီကြာပိတ်မိခဲ့ကြောင်း၊ PDF ရဲဘော်တဦးက ပြောသည်။
” ၁နာရီဝန်းကျင်လောက်ကတည်းက ပိတ်မိတာ၊ ၆နာရီဝန်းကျင်လောက်မှထွက်ရတာ၊ မှောင်တဲ့ထိစောင့်ရတာပေါ့။ စစ်ကြောင်း ၁နဲ့ ၂က Battle ဆိုင်တဲ့ချိန်မှာ ဟိုဘက်(စစ်ကောင်စီ)က စနိုက်ပါက battel ဘက်ကို အာရုံမစိုက်ဘဲ၊ ကျတော်တို့ဘက်ကိုထောက်ထားတာ၊ ကျတော်တို့က ကျည်ကွယ်နေရာတော်တော်ကျည်းနေတော့ တော်တော် ဒုက္ခရောက်တယ်။ ကျတော်တို့နောက်က ဓာတ်တိုင်ဆို တအုန်းအုန်းနဲ့မှန်တယ်။ ၆၀တွေဆို ကျတော်တို့နားမှာကျတယ်။ ကံကောင်းလို့ဘာမှမဖြစ်တာ” ဟု ၎င်းကပြောသည်။
သို့သော် မဟာမိတ်တပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးသီးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သဖြင့် ညနေ ၆နာရီတွင် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ယင်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများရှားပါးမှု့ကြောင့် လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များကိုသာ အဓိကထား အသုံးပြုခဲ့ရကြောင်း၊ Royal Eagle People Defense Force အဖွဲ့ခေါင်းဆောင် ကိုဇော်ကြီးက ပြောသည်။
” ကျတော်တို့ ဒီဘက်က အဖွဲ့တွေက ပစ္စည်းအစစ်တွေ မကိုင်နိုင်ဘူးဗျ၊ ရှားပါးတယ်။ အစစ်တွေမရှိတော့ လက်လုပ် ပခုံးထမ်းတွေ၊ လက်နက်ငယ်တွေပဲ အဓိကသုံးရတယ်။ လက်လုပ်တွေအသုံးပြုရတော့ တိုက်ပွဲအတွင်းမှာ နံရိုးနာ တာတွေ ညှပ်တာတွေတော့ ကြုံရတယ်” ဟု ကိုဇော်ကြီးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ညတွင်းချင်းစက်လှေဖြင့် ရေစကြိုမြို့ပေါ်သို့ ပြန်သွားပြီး၊ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ရေစကြိုမြို့မဆေးရုံသို့ပို့ဆောင်ကာ၊ ဆေးကုသမှုခံယူနေရကြောင်း ဗိုလ်မိုက်ခဲကပြောသည်။
အထက်ပါတိုက်ပွဲကို Myingyan Black Tigerအဖွဲ့နှင့်အတူ Popa Production and Guerilla Force (PPGF)၊ TLK ပျောက်ကြားတပ်၊ NY-PDF၊ ဗိုလ်ခြောက်ဆယ်ပြောက်ကျားတပ်၊ Bright Star Group၊ Royal Eagle People Defense Force၊ နဂါးညီနောင်တပ်ဖွဲ့နှင့် အခြားသောညီနောင်မဟာမိတ်အင်အားစုများ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။